ပလိပ်  ၅  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး  စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင်ရပ်ကွက်တွင် လက်ရာမြောက် ကြိမ်နှင့်ဗေဒါ လက်မှုပစ္စည်းများကို ပြုလုပ်ရောင်းချလျက်ရှိရာ နှစ်စဉ် ကြိမ်လက်မှုပစ္စည်းအသစ်များကို ကြံဆလုပ်ကိုင်ကာ  ဒေသအနှံ့တင်ပို့ပေးလျက်ရှိကြာင်း  ကြိမ်နှင့်ဗေဒါ လက်မှုပညာရှင် ဦးမြင့်ဆွေထံမှ သိရသည်။

ဗေဒါဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများမှာ ကြိမ်ပရိဘောဂပစ္စည်းများဖြင့် တွဲဖက်ပြုလုပ်ကြသည်။ လှပသော ဗေဒါ လက်မှုပစ္စည်းများ ရရှိရန်အတွက် ဗေဒါကုန်ကြမ်းကို နေသုံးရက်လှန်းကာ ကျစ်ဆံမြီးကျစ်ပေးခြင်းမှ စတင်လုပ်ကိုင်ကြရသည်။ 

ဗေဒါလက်မှုပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် ဒေသအခေါ် ဝန်ထမ်းကိုင်ဗေဒါခြင်း၊ ဗေဒါစလင်းဘက်အိတ်၊ ဟိုတယ်သုံး ဆင်ပုံစံကြိမ်အမှိုက်ခြင်း၊ ဗေဒါလက်ဆွဲခြင်းများနှင့် ဗေဒါမီးစလောင်းကလေးများကို အဓိက ပြုလုပ်ရောင်းချကြသည်။

လက်ရာမြောက် ဗေဒါလက်မှုပစ္စည်းများရရှိရန်အတွက် ဗေဒါပင်ရေထဲမှ ဆယ်ယူခြင်း၊ အခြောက်လှန်းခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းများကို ပြုလုပ်ပြီး ဗေဒါလက်မှုပစ္စည်းများကို အဆင့်ဆင့်ပုံဖော်ရက်လုပ်ကြရသည်။ လှပသော ဗေဒါလက်မှုပစ္စည်းများရရှိပါက ဗေဒါနံ့မထွက်စေရန်အတွက်  ခေတ်မီနည်းပညာဖြင့် အနံ့ပျောက်စေရန် ပြုလုပ်ကြရသည်။ ဝန်ထမ်းကိုင်ဗေဒါခြင်းများကို အရည်အသွေးအလိုက် သုံးမျိုးခွဲခြားပြုလုပ်ထားသည်။ အရည်အသွေးပေါ် မူတည်ကာ ဗေဒါခြင်းတစ်လုံးလျှင် ငွေကျပ် ၄၅၀ဝ၊ ၅၀ဝ၀၊ ၅၅၀ဝ ကျပ်ဖြင့် ဖောက်သည် ပေးရသည်။

လက်ရှိကာလ ပလိပ်မြို့တွင်ပြုလုပ်နေသော ကြိမ်နှင့်ဗေဒါ ပရိဘောဂလက်မှုလုပ်ငန်းတွင် ဝန်ထမ်းကိုင်ဗေဒါခြင်း၊ ဗေဒါစလင်းဘက်အိတ်များအပြင် တစ်ယောက်ထိုင် ကြိမ်ဗေဒါထိုင်ခုံ၊ ဟိုတယ်သုံး မီးစလောင်းနှင့် အခြားလက်မှု ပစ္စည်းများကို ပြုလုပ်ကာ ဒေသအနှံ့တင်ပို့ပေးနေရကြောင်း သိရသည်။

တိမ်တမန်