မန္တလေး  ၂၀  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပလိပ်မြို့ရှိ ပလိပ်စည်ပင်သာယာဈေးအတွင်းသို့ ယနေ့မှစတင်၍ ဈေးရောင်းချသူများနှင့် ဝယ်သူများအား အလိုအလျောက် ပိုးသတ်ဆေးဖျန်းစက်အတွင်း ဖြတ်သန်းပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပိုးသတ်ဆေးဖျန်းစက်ကို Covid Killer Group(Paleik) မှ စီစဉ်လှူဒါန်းထားခြင်းဖြစ်ပြီး ယခုအစီအစဉ်အား စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း Covid Killer Group(Paleik)မှ အတွင်းရေးမှူး ကိုရဲနွေက ပြောသည်။

 

“ဒီနေ့ကစပြီး ကျွန်တော်တို့ ဈေးအတွင်းကို Mask မတပ်ထားရင် ဝင်ခွင့်မပြုတော့သလို အလိုအလျောက် ပိုးသတ်ဆေးဖျန်းစက်အတွင်းကို ဖြတ်ပြီးမှ ဝင်ခွင့်ပြုတဲ့အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် ဈေးရောင်းချသူတွေကို Mask တွေ ဝေငှပေးပြီး ဈေးကို ကလေးငယ်တွေခေါ်လာရင် အိမ်ပြန်ထားခိုင်းတဲ့ အစီအစဉ်တွေကို ဆောင်ရွက်ပါတယ်”ဟု ၎င်းက ပြောသည်။

 

ပလိပ်မြို့တွင် မတ် ၂၇ ရက်နေ့မှ စတင်ကာ Covid Killer Group(Paleik)ကို ဖွဲ့စည်းခဲ့ပြီး ကိုဗစ်ရောဂါနှင့် ပတ်သပ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ နှာခေါင်းစည်းဝေငှခြင်း၊ ရပ်ကွက် ကျေးရွာများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို သက်ဆိုင်အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)