ပလိပ်၊ ၂၄ ဒီဇင်ဘာ

 

မြို့ပုဂံ ရွာပလိပ်ဟူသော စာဆိုနှင့်အညီ စေတီပုထိုးလက်ရာမျိုးစုံ ပေါများသော ရွာကိုပြဆိုလျှင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်ရွာကို ပြရမည်ဖြစ်သည်။ လက်ရှိကာလ ပလိပ်မြို့အဖြစ်တည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်သော ဒေသပင်ဖြစ်သည်။ ပလိပ်သည် ရှေးယခင်ဘုရင်မင်းများ လက်ထက်တွင် စည်ပင်သာယာခဲ့သော မြစ်ဆိပ်ကမ်းရွာလေးပင်ဖြစ်သည်။ မန္တလေးနန်းတွင်း ကျောက်စာရုံ ကျောက်စာအမှတ် န-၅၉၅(က) နှင့် (ခ) ကော်နာဖီးနစ် ကျောက်စာတွင် ပလိပ်ရှိ လယ်မြေဆယ်ပယ်ခွဲလှူဒါန်းမှု ရေးထိုးခဲ့သည့် အထောက်အထားအရ ပလိပ်သည် ပုဂံခေတ်ကတည်းကပင် စည်ကားခဲ့သော ဒေသပင်ဖြစ်သည်။

 

ပလိပ်ဒေသသည် မန္တလေးမြို့မှ တောင်ဘက်သို့ (၁၄)မိုင်ခန့်ကွာဝေးပြီး မြစ်ငယ်မြစ်(ဒုဋ္ဌဝတီမြစ်)၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ရှေးယခင်မှစတင်ကာ ယနေ့တိုင် ကုန်းလမ်းရေလမ်းဖြင့် သွားလာနိုင်သော ဒေသပင်ဖြစ်သည်။ ပလိပ်ဒေသတွင် ရှေးဟောင်းစေတီ (၃၂၅)ဆူရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းအဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိသည့်ဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန် (၁၁/၂၀၀၈)အဖြစ် သတ်မှတ်ထားသည်။ ပလိပ်ဒေသရှိ စေတီ၊ ဂူဘုရား၊ သိမ်၊ တန်ဆောင်းများတွင် အင်းဝခေတ်၊ အမရပူရခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်လက်ရာများကို တွေ့ရှိရသည်။ ထိုစေတီများထဲတွင် ဗန်းမော်ကျောင်းတိုက်အတွင်းရှိ စေတီမှာ ကနုတ်ပန်းလက်ရာမြောက် စေတီတစ်ဆူအဖြစ် တည်ရှိနေသည်။

 

ပလိပ် ဗန်းမော်ကျောင်းတိုက်အတွင်းတွင် စေတီပုထိုးများစွာကို တစ်စုတစ်ဝေးတည်း ဖူးမြော်နိုင်ပြီး လှပသော ကနုတ်လက်ရာများ၊ ထူးခြားသောလက်ရာမျိုးစုံ ဗုဒ္ဓရုပ်ပွားတော်မျိုးစုံကို လေ့လာဖူးမြော်နိုင်သော နေရာအဖြစ် ထင်ရှားသည်။ ထိုစေတီများထဲတွင် အောင်ဇေယျာသိဒ္ဓိစေတီတော်မှာ ကနုတ်ပန်းလက်ရာအကောင်းဆုံး စေတီတစ်ဆူအဖြစ် တည်ရှိနေသည်။

 

တိမ်တမန်

 

mdn