ဂျေရုဆလင်၊ ဇွန် ၁၆
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၆၂၅၀၀၀ ခန့် ပညာသင်ကြားခွင့် ဆုံးရှုံးလျက်ရှိကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အမှုဆောင်အေဂျင်စီက ယမန်နေ့တွင် ပြောကြားသည်။
ပါလက်စတိုင်း ကလေးငယ်များအား ပညာသင်ကြားမှု ပြန်လည်စတင်ရန် ကူညီပေးသည့် လှုပ်ရှားမှုများ ဆောင်ရွက်ကာ ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်ဟု အဆိုပါအေဂျင်စီကဆိုသည်။
သို့သော် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်သင့်ကြောင်းလည်း ယင်းအေဂျင်စီက ဆက်လက်ပြောကြားသည်။ စစ်ပွဲကြောင့် စာသင်ကျောင်းများ ပျက်စီးသွားသည့်အတွက် ကလေးငယ်များ ၏ ပညာသင်ယူရန် အခွင့်အရေးများဆုံးရှုံး လျက်ရှိကြောင်း အေဂျင်စီက ဆိုသည်။
ကလေးများသည် ပဋိပက္ခများနှင့် စစ်ပွဲများတွင် အဆိုးရွားဆုံး ခံစားနေကြရကာ ၎င်းတို့ထဲမှ အများအပြား သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အများစုမှာ ဘဝတစ်သက်တာလုံး စိတ်ဒဏ်ရာ ဒဏ်ချက်များ ခံစားရမည်ဖြစ်ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန် ၁၄ ရက်အထိပဋိပက္ခများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၇၂၉၆ ဦးရှိပြီး ၈၅၁၉၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်