၁၁ နိုဝင်ဘာ

 

 

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေး မှူးချုပ် ဆာအိအီရီကတ်သည် ပြီးခဲ့သည့်လက ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ရပြီးနောက် သေဆုံးခဲ့သည်။

 

 

၎င်းမှာ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။ အင်္ဂါနေ့ နံနက်အစောပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အီရီကတ်ကို ကုသပေးနေသည့် ဂျေရုဆလင်မြို့ရှိ ဆေးရုံတစ်ရုံမှ ပြောကြားခဲ့သည်။

 

 

လွန်ခဲ့သည့် သုံးနှစ်က ၎င်းသည် အဆုတ်အစားထိုးကုသမှုကိုလည်း ပြုလုပ်ထားခဲ့ရသည်ဟု  ဆိုသည်။

 

 

အီရီကတ်သည် ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

 

၎င်းသည် ၁၉၉၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကွန်ဖရင့်၌ ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဉီးဖြစ်ခဲ့ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးများ ဆွေးနွေးပွဲများ စတင်ရန် လုပ်ဆောင်ခဲ့သူဖြစ်သည်။

 

 

၁၉၉၃ ခုနှစ် အော်စလိုသဘောတူညီချက်အပြီးတွင် အစ္စရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်သည့်အခါ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူးချုပ်ဖြစ်သည်။

 

 

အီရီကတ်သည် ၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တာဝန်ရှိသူအဖြစ် လက်တွဲလုပ်ဆောင်ခဲ့သည်။ 

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်