ဂျေရုဆလင်၊ ဇန်နဝါရီ ၂၉
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အကြီးအကဲက ပါလက်စတိုင်းဒုက္ခသည် များအဖွဲ့၏ ရန်ပုံငွေကိုဆိုင်းငံ့ထားရန် အလှူရှင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ် စဉ်းစားပေးရန် တိုက်တွန်းပြောကြားကြောင်း သိရသည်။
ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ အလှူရှင်နိုင်ငံများသည် အောက်တိုဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုတွင် UNRWA ဝန်ထမ်း များ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခဲ့ပြီးနောက် ၎င်းတို့၏ နောက်ထပ်ရန်ပုံငွေ ထပ်လောင်း ထောက်ပံ့မှုများ ကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
အလှူရှင်နိုင်ငံများတွင် အမေရိကန်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့ ပါဝင်သည်။ အလှူရှင်နိုင်ငံများမှ ပံ့ပိုးမှုများသည် UNRWA၏ လုပ်ငန်းဆောင်တာများအတွက် အဓိကကျသည်။
ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအဖွဲ့သည် အစ္စရေးနိုင်ငံမှပေးပို့သည့် သတင်းအချက်အလက်များအပေါ် ကိုးကားပြီး UNRWA ဝန်ထမ်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအဖွဲ့၏ ကော်မရှင်နာချုပ် ဖီလစ်ပီ လက်ဇာရီနီက အလှူရှင်ကိုးနိုင်ငံသည် ၎င်းတို့၏ ရန်ပုံငွေများကို ယာယီဆိုင်းငံ့ထားကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားသည်။ အဆိုပါ ဆုံးဖြတ်ချက်များသည် ဒေသတစ်ဝန်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ထိခိုက်မှုရှိစေပြီး အထူးသဖြင့် ဂါဇာ ကမ်းမြောင် အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ၎င်းက ပြောကြားသည်။
ဝန်ထမ်းအချို့၏ တာဝန်မဲ့လုပ်ရပ်ကြောင့် အဖွဲ့နှင့် အမှုဆောင်အဖွဲ့အစည်းတစ်ခုလုံးကို ပိတ်ဆို့ အရေးယူမှုပြုခြင်းသည် တာဝန်မဲ့ရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မှီခိုနေရ
ထို့ပြင် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့၏ ကော်မရှင်နာချုပ် ဖီလစ်ပီ လက်ဇာရီနီက ဒုက္ခသည် နှစ်သန်းသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်မှုအတွက် UNRWA၏ ထောက်ပံ့ ပေးမှုအပေါ် မှီခိုနေရကြောင်းကိုလည်း မှတ်ချက်ပြု ပြောကြားသည်။ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့သည် ဂါဇာဒေသရှိ ထောက်ပံ့ ရေးပစ္စည်းများဖြန့်ဝေခြင်းနှင့် အမိုးအကာများပေး ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် ယင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားသွားစေမည် ဖြစ်ကြောင်း ကော်မရှင်နာချုပ် ဖီလစ်ပီလက်ဇာရီနီ က ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်