ရာမာလာ ၃ ဇွန်
ပါလက်စတိုင်းအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် မတ် ၅ ရက်က ကြေညာထားသည့် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်း ထပ်တိုးလိုက်ကြောင်း ပါလက်စတိုင်း၏ တရားဝင်သတင်း အေဂျင်စီတစ်ခုဖြစ်သည့် ဝါဖာက ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ကြေညာထားသည့် အရေးပေါ်အခြေအနေအား ဇွန်လ ၄ ရက်အထိ သက်တမ်းထပ်တိုးခွင့်ရှိသည့် အမိန့်စာတစ်စောင်ကို ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမိန့်သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ပါလက်စတိုင်း အစိုးရ၏ ကြိုးပမ်းအားထုတ်မှု အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း သတင်းအေဂျင်စီက ဖော်ပြထားသည်။
ပါလက်စတိုင်းခေါင်းဆောင် အာဘတ်စ်သည် အနောက်ဘက်ကမ်း၌ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတစ်ဦး စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှု ထိန်းချုပ်ရန် မတ် ၅ ရက်ကတည်းက ရက်ပေါင်း ၆၀ ကြာမြင့်သည့် အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေအပေါ်မူတည်၍ မေ ၄ ရက်တွင် ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အခြေအနေ တစ်ရပ်ကို ထပ်မံကြေညာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပါလက်စတိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၃၀ ဦးရှိပြီး ၎င်းတို့အနက် ငါးဦးသည် အဆိုပါ ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၅၃၁ ဦးသည် ရောဂါကင်းစင်ပြီး ဆေးရုံမှပြန်ဆင်းသွားကြောင်း သိရသည်။
ပါလက်စတိုင်းအစိုးရသည် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ၅၈၀ဝ၀ ကို လောလောဆယ် သီးခြားခွဲ၍ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ