ဟားခါး ၅ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် ၁၂၇၉.၃၇၁ သိန်း တတိယအကြိမ် ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာဝယ်ယူရန်အတွက် ပထမအကြိမ် (၁၃.၃.၂၀၂၀) ရက်နေ့ တွင် ထောက်ပံ့ငွေကျပ် သိန်း(၁၀၆၉.၀၂)၊ ဒုတိယအကြိမ်(၂၆.၃.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ငွေကျပ် သိန်း (၅၃.၉၉၇) ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာ ဝယ်ယူရန်အတွက် အာစောကုမ္ပဏီမှလည်း ကျပ်သိန်း(၂၀)ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တွင် မေ ၄ ရက်နေ့အထိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇၅၀)စုနှင့် လူဦးရေ(၇၇၀၄)ဦးရှိကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရပြီး တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေး၊ လူမှုစီးပွားဘဝ စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)


