ညောင်ဦး၊ ၁၀ ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက အွန်လိုင်းကငွေလွှဲ၍ ဆင်စာဘူဖေးကျွေးမှု များပြားနေကြောင်း ပလင်းကမ်းသာ ယာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှ စတင်၍ ခေတ္တယာယီပိတ်ထားခဲ့ပြီး မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက အွန်လိုင်းမှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၁၅၅)ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွေးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ အွန်လိုင်းမှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုက ပြောသည်။

 

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း (၂၂)ခုထိ ဖွင့်လှစ်ထားရှိပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများအပြင် ရာသီပေါ်သီနှံများအား ကျွေးမွေးကြကာ ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်၊ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း တစ်ရက်ဆင်စာဘူဖေး ကျွေးမွေးရန် နံနက်တစ်သိန်းကျပ်၊ ညနေတစ်သိန်းကျပ်ဖိုး ဆင်စာဘူဖေးကျွေးနိုင်ကြောင်းလည်း သိရသည်။

 

ဆင်စာဘူဖေးကျွေး လှူဒါန်းခြင်းအား ဆင်စခန်း Page ကနေ အွန်လိုင်းမှ ဆက်သွယ်လှူဒါန်းနိုင်သလို ဆင်စာဘူဖေး ကိုယ်တိုင်ကိုယ်ကျ လာရောက်ကျွေးမွေးလိုပါကလည်း ဆင်စခန်းသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်နှင့်အညီ ဆင်စာဘူဖေးအလှူရှင်ကိုယ်တိုင် လာရောက်ကျွေးနိုင်ကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ဖုန်းဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း- ၀၉၇၉၃၈၂၀၅၃၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၁၅၅)ကြိမ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ မြို့အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေ သဘာဝအခြေခံ ဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာ မခက်ခဲကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)