ညောင်ဦး ၁၅ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်စခန်းလာ ဆင်ချစ်သူများ ဧရာဝတီမြစ်ဘက်ခြမ်း အပေါ်စီးမှ ရှုခင်းကြည့်ရှုနိုင်ရန်နှင့် လေညင်းခံခြင်းနှင့် မြစ်ဘက်ခြမ်း ဆင်ချစ်သူများ လေ့လာကြည့်ရှုစရာ ထပ်တိုးရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ ရှုခင်းကြည့်တံတား တည်ဆောက်ရန် လမ်းညွှန်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်မှ စတင်ကာ ရှုခင်းကြည့်တံတား တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးထံမှ သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းလာ ဆင်ချစ်သူများ ဧရာဝတီမြစ်ဘက်ခြမ်း ရှုခင်းကြည့်ခြင်းနှင့် လေညင်းခံတံတား တည်ဆောက်လျက်ရှိရာ ကျွန်းသစ်တိုင်များဖြင့် မြစ်ဘက်ခြမ်း ပေ(၁၃၀)နှင့် တံတားအမြင့် မြေပြင်အညီမှ မြစ်ရေဘက် အမြင့် (၂၂)ပေနှင့် မြေပြင်မှ လက်ရန်းအမြင့်ထိ (၂၆)ပေထိ ရှိမည်ဖြစ်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုမှ ရှင်းပြသည်။ ပလင်းကမ်းသာယာ ဆင်စခန်းသည် ညောင်ဦးမြိုနယ်နှင့် မြင်းခြံ-ပခုက္ကူမြို့ဘက်အထွက် ၅ မိုင်ခန့်အကွာ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်းဖြစ်ကာ ပြည်ပခရီးသွား တစ်လလျှင် ၁၅၀ နှင့် ပြည်တွင်းခရီးသွား ၄၀၀၀ ကျော် ဝင်ရောက်သည့် ဆင်စခန်းဖြစ်ကြောင်း၊ သင်္ကြန်တွင်း၊ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်နှင့် ဒီဇင်ဘာရုံးပိတ်ရက်များတွင် ဆင်စခန်းသို့ လာရောက်သည့် ဧည့်သည်များကြောင်း သိရကာ ဧရာဝတီမြစ်ရေ မတက်ခင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)