ညောင်ဦး  ၃၀ ဒီဇင်ဘာ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ် ထုတ်လုပ်ရေးဌာနမှ ဖွင့်လှစ်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်း ကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ (၂)နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ဆင်ချစ်သူ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း လက်ထောက် အထွေထွေမန်နေဂျာ ဦးအောင်ဌေးကပြောကြားသည်။

 

01

 

အဆိုပါ ဆင်စခန်းကို ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံဘက်အထွက် (၅)မိုင်ခန့်အကွာ ဧရာဝတီမြစ် ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာ ရောက်ရင်း ခရီးတစ်ထောက်နားရာ နေရာအဖြစ် ပလင်းကမ်းသာယာ ဆင်စခန်းအား ရွေးချယ်မှုများလာကာ နေ့စဉ်နှင့်အမျှ လာရောက်လေ့လာလည်ပတ်မှုများ ရှိလာကြောင်း ဆင်စခန်းတာဝန်ခံ လက် ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ရှင်းပြသည်။

 

04

 

ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်(၇)နှစ်ကောင် ရှိပြီး ပြည်ပနိုင်ငံသားအများစုသည် ဆင်ရေချချိန် (ရေချိုးဆင်းချိန်)အား အဓိကသဘောကျကာ ပြည်တွင်းခရီးသွားများသည် ဆင်ကြည့်ခြင်း၊ ဆင်စီးခြင်း၊ ဆင်စခန်းဝန်းအတွင်း အလှချိတ်ဆွဲထားသည့် ပုဂံ-ညောင်ဦးဒေသထွက် ဇော်ဂျီရုပ်၊ မှူးမတ်ရုပ်၊ ဘီလူးရုပ်များဖြင့် ဓာတ်ပုံရိုက်ကြခြင်းနှင့် ဆင်စခန်း လမ်းတလျှောက် ထီးအလှချိတ်ထားခြင်းများဖြင့် ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ကြသည်။

 

09

 

ဆင်စခန်းဝန်းအတွင်း ဆင်စခန်းလာရောက်သူများ ဆင်စီးခြင်း၊ ဆင်ကြည့်ခြင်းများပြီးလျှင် အနားယူ အပန်းဖြေနိုင်ရန်  မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသည့် ခြေတံရှည်တဲများတွင် မိသားစု လိုက်သော်လည်းကောင်း၊ အပေါင်းအသင်းများနှင့်သော်လည်းကောင်း အပန်းဖြေ လာရောက် နားနေကြကာ အပန်းဖြေ ပန်းဥယျာဉ်တွင် ကလေးငယ်များ ကစားနိုင်ရန် စိမ်းစိမ်းစိုစို ဝေဝေဆာဆာ ဖြစ်အောင် သစ်ပင်များ စိုက်ပျိုးပေးထားခြင်းနှင့်ဒန်း၊ လျောစင်များ ပြုလုပ်ပေးထားသည်။ ဆင်စခန်းလာသူများ ဧရာဝတီမြစ်ဘက် လေညှင်းခံပြီး ရှုခင်းကြည့်နိုင်ရန် သစ်လုံးတံတား တည်ဆောက်နေရာ  ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ လာရောက် လည်ပတ်သူများအနေနှင့် ဆင်နှင့်ပတ်သက်သည့် ဗဟုသုတ၊ ဆင်ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ဆင်များ၏ သက်တမ်း၊ ဆင်အမျိုးအစား များနှင့် ဆင်လုပ်သားများနေအိမ်(အသေးစား)များဖြင့် ဆင်ပြတိုက်ဖွင့်လှစ်နိုင်ရန် တည်ဆောက် လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း လက်ထောက်မန်နေဂျာက ပြောကြားသည်။

 

ပလင်း ကမ်းသာယာ ဆင်စခန်းဖွင့်လှစ်သည့် နှစ်နှစ်အတွင်း ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများနှင့် ရဟန်းသံဃာ၊ သီလရှင် များအား ဆင်စခန်းဝန်းသို့ အခမဲ့ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း