ကောလင်း ၁၈ မေ
ကောလင်းမြို့နယ်၏ အနောက်ဘက် ၅ မိုင်ခန့်တွင်ရှိသော ရေကန်သာအုပ်စု ခမောက်တောင်(ခေါ်) လွယ်မောက်တောင် ကျေးရွာတွင် ရှမ်းတိုင်းရင်းသား အများစုနေထိုင်ပြီး လယ်ယာလုပ်ငန်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကာ အသက်မွေးကျောင်း ပြုကြသည်။ ယခင်က မိသားစု တစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိရန် ပလပ်စတစ်ခြင်းများကို ရက်လုပ်လျက်ရှိပြီး ယခုအခါ စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ရက်လုပ်ကြကြောင်း သိရသည်။
“ဟိုးအရင်တုန်းက ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ကြိမ်များကိုဝယ်ယူပြီး ကြိမ်ခြင်းတောင်းများကို မိရိုးဖလာ လုပ်ငန်းအနေဖြင့် ရက်လုပ်ကြတာပါ။ နောက်ပိုင်း ကြိမ်ဝယ်ယူရတာ ဈေးနှုန်းကြီးလာသလို ကြိမ်ကလည်း ရှားပါးလာတော့ ဝါးနှီးခြင်းတောင်းကို ဆက်လုပ်ကြပါတယ်။ ယခု ဝါးကလည်း ရှားပါးလာပြန်ပါတယ်။ ဝါးကုန်ကြမ်းရှားပါးလာတော့ လူသုံးများတဲ့ ပလပ်စတစ် ခြင်းတောင်းများကို ရက်လုပ်ကြတာပါ။ ဒါကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကစပြီး မန္တလေးဘက်က ပလပ်စတစ် ခြင်းတောင်းတွေကို ကောလင်းမြို့က ဝယ်ယူရောင်းချလာတော့ ပလပ်စတစ်ခြင်းတောင်းတွေ ရက်လုပ်တဲ့လုပ်ငန်းကို ဆက်လုပ်ကြတာပါ။ ပလပ်စတစ်ခြင်းတောင်ကို အငှားရက်လုပ်သူများလည်းရှိပြီး ခြင်းအလုံးရေ ၄၀ ပြီးပါက ငွေကျပ် ၅၀ဝ၀ ပေးရပါတယ်။ ပလပ်စတစ်ကြိုးမာရင် ခြင်းအထွတ်နှုန်းနည်းပြီး ကြိုးပျော့ရင် ခြင်းအထွက်နှုန်း များပါတယ်ဟု” ခမောက်တောင်ကျေးရွာမှ ပလပ်စတစ်ခြင်းတောင်း ရက်လုပ်သူ ဒေါ်ပဲစိန်က ပြောသည်။
ယခုအခါ ခမောက်တောင်ကျေးရွာတွင် ပလပ်စတစ်ခြင်း ရက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်သူ များပြားလာပြီး ပလပ်စတစ်ခြင်း ရက်လုပ်ရန်အတွက် ပလပ်စတစ်ကြိုးပြားအခွေ တစ်ခွေလျှင် ၂၈၀ဝ၀ ဖြင့် ဝယ်ယူကာ ပလပ်စတစ်ကြိုးပြားများကို မိမိတို့ လိုအပ်သလို ခွဲခြမ်းစိတ်ဖြာပြီး သုံးပင်ထိုးခြင်းတောင်းနှင့် နှစ်ပင်ထိုးခြင်းတောင်းများကို ရက်လုပ်ကြသည်။ ပလပ်စတစ်ကြိုးပြားတစ်ခွေလျှင် ခြင်းတောင်းအလုံးရေ ၅၀ ထိရရှိပါသည်။ ခြင်းတောင်းအကြီးတစ်လုံးလျှင်ငွေကျပ် ၁၄၀ဝ၊ ခြင်းအလတ်တစ်လုံးလျှင်ငွေကျပ် ၁၃၀ဝ၊ ခြင်းအသေးတစ်လုံးလျှင်ငွေကျပ် ၁၀ဝ၀ ဖြင့် ကောလင်းမြို့ပေါ်ရှိ ခြင်းတောင်းအမျိုးမျိုး ရောင်းချသော ဆိုင်ကြီးသို့ လက်ကားဈေးဖြင့် ရောင်းချလျက်ကြောင်း သိရသည်။
ခမောက်တောင်ကျေးရွာမှ ရက်လုပ်သော ပလပ်စတစ်ခြင်းတောင်းများသည် ပေါ့ပါးခြင်း၊ သယ်ဆောင်ရန်လွယ်ကူခြင်း၊ ရေရှည်ခိုင်ခန့်ခြင်း၊ အလေးချိန်များများထည့်ပြီး ကြာရှည်စွာ သယ်ဆောင်ပါက ခြင်းတောင်းမှာ ကျယ်သွားခြင်း၊ ပြုတ်ထွက်သွားခြင်း မရှိသည့်အပြင် ခြင်းတောင်းလက်ကိုင် ကွင်းများကိုလည်း ပြုတ်ထွက်ခြင်းမရှိအောင် ရက်လုပ်ကြခြင်းတို့ကြောင့် ဝယ်ယူသုံးစွဲသူ များပြားလာ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေရကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


