ပလပ်စတစ်တွေ စားမိတဲ့အတွက် ဂျပန်နိုင်ငံမှာ သမင် ၉ ကောင်သေဆုံး

၁၁ ဇူလိုင်

ဂျပန်နိုင်ငံရှိ နာရာပန်းခြံမှာ ပလပ်စတစ်အိတ်တွေကိုစားမိတဲ့ သမင် ၉ ကောင် သေဆုံးကြောင်း မနေ့ (ဗုဒ္ဓဟူးနေ့) က တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးတဲ့ သမင်တွေရဲ့ ဝမ်းထဲမှာ ပလပ်စတစ်အိတ်တွေနဲ့ အဆာပြေမုန့်အိတ်အခွံ အများအပြားကို တွေ့ရကြောင်း၊ သမင်ကိုးကောင်ဟာ ဒီနှစ် မတ်ကနေ ဇွန်လအတွင်း သေဆုံးခဲ့ကြောင်း နာရာ သမင်စောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသွားတဲ့ သမင် ကိုးကောင်ထဲက တစ်ကောင်ရဲ့ ဝမ်းထဲမှာ ပလပ်စတစ်အိတ် ၄.၃ ကီလိုဂရမ်ကို တွေ့ရတာ သိပ်ပြီး အံ့သြစရာကောင်းလောက်တဲ့ ပလပ်စတစ်ပမဏဖြစ်တယ်လို့ နာရာ သမင်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ယိုရှီတာကာ အရှီမူရာ ပြောပါတယ်။

သမင်တွေအား ပန်းခြံစောင့်တွေက ခွင့်ပြုထားတဲ့ အစားအစာကလွဲပြီး အပြင်က အစားအစာကို မကျွေးဖို့ တားမြစ်သွားမှာဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေချထားခဲ့တဲ့ ပလပ်စတစ်အမှိုက်တွေကိုလည်း စားနိုင်တဲ့အတွက် အမှိုက်အားလုံးကို ကောက်ပစ်ရမှာဖြစ်တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

နာရာပန်းခြံထဲမှာ နှစ်ပေါင်း ရာချီတဲ့ သက်တမ်းရှိသော သစ်သားနဲ့တည်ဆောက်ထားတဲ့ဘုရားကျောင်းတွေ နဲ့ ဘုရားရုပ်ထုတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ၂၀၁၇ ခုနှစ်က နာရာပန်းခြံကို လာရောက်လည်ပတ်သူ ၁၆ သန်း ရှိကြောင်း သိရပါတယ်။ နာရာပန်းခြံဟာ သမင်ပေါင်း ၁၂၀ဝ ရဲ့ အိမ်ဖြစ်ပြီး သမင်တွေကို နိုင်ငံရဲ့ရတနာလေးတွေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ 

MDN
ကိုးကား - AFP

 

mdn