နေပြည်တော် ၁၃ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က “ ပလတ်စတစ်ဘူးထဲထည့်ထားသည့် ရေနှင့် အချိုရည်များသည် ပူပြင်းသောနေရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ပြည်သူလူထု ပိုမိုသိရှိနားလည် လိုက်နာလာစေရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၏ ဖြေကြားချက်-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် အစားအသောက်ထည့်သွင်းထုပ်ပိုးရာတွင် အသုံးပြုမည့်ပလတ်စတစ်အမျိုးအစား၊ စားသောက်ကုန် ထုပ်ပိုးရာတွင် အသုံးပြုမည့် သတ်မှတ်အမျိုးအစားနှင့် သတ်မှတ်အဆင့်ရှိ ပလတ်စတစ်အမျိုးအစားကိုသာ အသုံးပြုရန်ဖြစ်ပါကြောင်း၊ ပလတ်စတစ်ထုပ်ပိုးကုန်ပစ္စည်းများ ပုံမှန်အားဖြင့်စစ်ဆေးခြင်း မပြုနိုင်သေးပါကြောင်း၊ ပလတ်စတစ်ကွန်တိန်နာများကို ပုံမှန်အားဖြင့်စစ်ဆေးခြင်းမပြုနိုင်သေးပါကြောင်း၊ ထုပ်ပိုးပလတ်စတစ်သည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့၍ ၎င်းမှ ဓာတုပစ္စည်းများ စိမ့်ထွက်လာနိုင်ပြီး ၎င်းစိမ့်ထွက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့သည့် အပူချိန်သာမက ထိတွေ့သည့်အချိန်ကာလပေါ်မူတည်၍ ဘေးထွက်ဆိုးကျိုးများသက်ရောက်နိုင်ပါကြောင်း၊ သုတေသနလေ့လာဆန်းစစ်ချက်အရ သောက်ရေသန့်ကို ထုပ်ပိုးထားသည့် ပလတ်စတစ်ဗူးပေါ် နေရောင်ခြည်အပူချိန် သက်ရောက်မှုကြောင့် ရူပ-ဓာတုဆိုင်ရာလက္ခဏာနှင့်ပတ်သက်၍ ဆန်းစစ်လေ့လာထားပါကြောင်း၊ ၎င်းလေ့လာချက်အရ ရက်(၃၀)အတွင်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်၌ သိုလှောင်ထားသည့် ရေ၏ ရူပ-ဓာတုဆိုင်ရာပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပြီး အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်သို့ ပြောင်းလဲထားသိုပါက ပြောင်းလဲမှုရှိနိုင်သည်ကို တင်ပြထားပါကြောင်း၊ တစ်နည်းအားဖြင့် ရက်(၃၀)အတွင်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် ထားသိုလျှင် ဘေးထွက်ဆိုးကျိုး မပေါ်ပေါက် နိုင်သော်လည်း အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက် ထားသိုပါက ရူပ-ဓာတုဆိုင်ရာ လက္ခဏာများ ပြောင်းလဲမှုရှိကြောင်း တွေ့ရှိချက်အား ဖော်ပြထားခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ပလတ်စတစ်အသုံးပြုထုပ်ပိုးထားသော စားသောက်ကုန်များ နေရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ခြင်း မရှိစေရေးနှင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ ဈေးကွက်တွင်ရောင်းချနေသည့် လက်လီ/လက်ကား ဈေးဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းဆိုင်ရာ လစဉ်ပုံမှန်လုပ်ငန်းများ၌ အသိပညာပေးခြင်း အစီအစဉ်များ ပူးတွဲဆောင်ရွက်ရေး တစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် (၁၃၃)ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၂၀၅)ကြိမ်နှင့် ၂၀၁၉ ခုနှစ်တွင် (၁၇၇)ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်(Standardized Health Messages Book Version-2.0)တွင် update ပြုလုပ်၍လည်းကောင်း၊ အစားအသောက်ထည့်သွင်းထုပ်ပိုးရာတွင် အသုံးပြုမည့် ပလတ်စတစ်များနှင့် ပတ်သက်၍လည်းကောင်း ကျန်းမာရေးအသိပညာပေး အစီအစဉ်များတွင် ထည့်သွင်း၍ ပြည်သူလူထု အသိပညာရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်များလည်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အစားအသောက်ထုပ်ပိုးရာတွင် ပလတ်စတစ်များအသုံးမပြုစေရန်အတွက် ပလတ်စတစ်ဆိုင်ရာဥပဒေ ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပါကြောင်း၊ Food Content Material ပလတ်စတစ်နှင့် ပတ်သက်၍ Thailand၊ Malaysia စသည့် အာဆီယံနိုင်ငံများတွင်သာမက China၊ Japan၊ Korea နှင့် Eu နိုင်ငံများတွင် အမိန့်ကြော်ငြာစာများ၊ Regulation များပြုလုပ်၍ ပြဋ္ဌာန်းလျက် ရှိပါကြောင်း၊ စားသုံးရန်မသင့်သည့် အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်များကို FDA Website နှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ကြေညာပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အမျိုးအစား (၁၄)မျိုး၊ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ အမျိုးအစားပေါင်း (၁၇၇)မျိုးတို့ကို ကြေညာခဲ့ပြီးဖြစ်ပါကြောင်း။

အစားအသောက်ထည့်သွင်းထုပ်ပိုးရာတွင် ပလတ်စတစ်အသုံးပြုမည်ဆိုပါက အစားအသောက် သုံး ပလတ်စတစ် Food Grade များဖြစ်ရမည်ဖြစ်ပါကြောင်း၊ ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော ရေနှင့်အချိုရည်များအား အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၏အထက်(သို့မဟုတ်)ပူပြင်းသော နေရောင်ခြည်တွင် တိုက်ရိုက်ထိတွေ့ကျရောက်သောနေရာ၌ ကြာရှည်စွာထားသိုပါက ပလတ်စတစ်ထုတ်လုပ်ရာတွင် ဓာတ်ကူပစ္စည်းဖြင့်အသုံးပြုသော ဓာတ်များစိမ့်ထွက်လာပြီး အစားအသောက်တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အစားအသောက်၏ ရူပ-ဓာတုဆိုင်ရာ လက္ခဏာများပြောင်းလဲခြင်းတို့ ရှိလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖြန့်ဖြူးရောင်းချသူများ အနေဖြင့်လည်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသောအစားအစာများကို အပူချိန်မြင့်မားသော နေရာ၊ နေရောင်ခြည်တိုက်ရိုက်ထိတွေ့သောနေရာများတွင် ကြာရှည်စွာ သိုလှောင်ထားခြင်း မပြုရန်၊ စနစ်တကျထားရှိရန် စားသုံးသူများအနေဖြင့်လည်း အထက်ဖော်ပြပါအခြေအနေများကို လေ့လာဆန်းစစ်၍ ဝယ်ယူခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း၊ အထူးသတိပြုရန် အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမားရေးစောင့်ရှောက်မှုပေးသော ဝန်ထမ်းများအား ဖြန့်ဝေထားသော Tablet များ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန Website များ၊ ကျန်းမာရေးစံပြုအချက်အလက်စာအုပ်(Version-2.0)တွင် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတွင် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ယခင် ကျန်းမာရေးပညာပေးအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် မူလအင်အားပြောင်းလဲမှုမရှိဘဲ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ(Health Literacy Promotion Unit)ဖြင့် အမည်ပြောင်းလဲ၍ အထူးဦးစားပေး ဆောက်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ အထူးဦးစားပေး ကဏ္ဍတစ်ခုဖြစ်သည်နှင့်အညီ ပြည်သူများ၏ အသိပညာမြင့်မားလာစေရေးအတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းများမှ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့်ထိရောက်ဆောင်ရွက်နိုင်အောင် ပြုစုရေးသားလျက်ရှိသော စာမျက်နှာ(၃၃၂)ပါ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်စာအုပ် (Version-1)ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စတင်မိတ်ဆက်ပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ သဝဏ်လွှာပေးပို့ခဲ့ပါကြောင်း၊ ၎င်းစာအုပ် အပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များ သိသင့်သိထိုက်သည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စာအုပ်စာတမ်းများ၊ ပြည်သူအတွင်းကျန်းမာရေးအသိပညာမြှင့်တင်ရေး လက်ကမ်းစာစောင်နှင့် ပိုစတာများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Application များ၊ Mobile Tablet များကိုလည်း အခြေခံကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ တိုင်းဒေသကြီး/ပြည်နယ်(၇)ခု၊ မြို့နယ်/တိုက်နယ်ဆရာဝန်များအတွက် Samsung Tablet A ၈” (၄၀၂)လုံး၊ ၎င်း Tablet တွင် Document (၅၃၀)ကျော်ပါဝင်ပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Samsung Tablet ၇” (၁၀၇၈၄)လုံးကို ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း၊ ၎င်း Tablet တွင် Document (၁၂၀)ကျော်ပါဝင်ပါကြောင်း၊ စုစုပေါင်း (၁၁၁၈၆)လုံး ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် လပိုင်းအတွင်းထပ်မံဖြန့်ချိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဖြန့်ဝေခဲ့ခြင်းအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများအတွက် တစ်နိုင်ငံလုံးတစ်ပြေးညီ စံပြုအချက်အလက်များကို မှီငြမ်း၍ မှန်ကန်သော သတင်းအချက်အလက်များ ပြည်သူများအတွင်းဖြန့်ဝေနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ Mobile Tablet များနှင့်တွဲ၍ ပြည်သူလူထုအတွင်း ပြည်သူ့စကားဝိုင်းများကိုလည်း ယခုထက်ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်စာအုပ် (Version-1)အား တိုင်းရင်းသားလူမျိုးများအကြား ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ဘာသာစကားအခက်အခဲကျော်လွှားနိုင် ရန်အတွက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့်ပူးပေါင်း၍ (၂၀၁၉)ခုနှစ်အတွင်း တိုင်းရင်းသားဘာသာ(၅၅)မျိုးအား ဘာသာပြန်ဆိုရန် စီစဉ်ထားရှိခဲ့ရာတွင် ယခုအခါ (၁၀-၉-၂၀၁၉)ရက်နေ့ အထိ တိုင်းရင်းသား ဘာသာ(၅၃)မျိုး ဘာသာပြန်ဆိုပြီးဖြစ်ပါ၍ ဆက်လက်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီထုတ်ဝေနိုင်မည်ဖြစ်ပါကြောင်း။

အခြေခံကျန်းမာရေးဝန်ထမ်းများလက်စွဲ ကျန်းမာရေးသရုပ်ပြစာအုပ် (Health Education Illustration Book)ကို (၂၀၁၈)ခုနှစ် ဇူလိုင်လတွင်း ထုတ်ဝေခဲ့ပြီး ကျေးလက်ကျန်းမာရေး ဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့နယ်ဆေးရုံများသို့ဖြန့်ဝေခဲ့ပြီး ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပေးရာတွင် ပုံပြပညာပေးအထောက်အကူပစ္စည်းများကို ကိုးကား အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများနှင့်ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ ပြည်သူလူထုအတွင်းကျယ်ပြန့်စွာရောက်ရှိရေးအတွက် ညှိနှိုင်းအစည်း အဝေး အလုပ်ရုံဆွေးနွေးပွဲ(Coordination Workshop With Media and Culture Association on Standardized Health Messages)ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆောင်ရွက်ခဲ့ပြီး ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနုပညာရှင်များနှင့် မီဒီယာများ၏ ပူးပေါင်းအင်အားနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်မှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

ပြည်နယ်/တိုင်းများတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေး လူထုလုပ်ရှားမှု(Sanitation Campaign) ကျန်းမာရေးနှင့် ညီညွတ်သောစံပြယင်လုံအိမ်သာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများနှင့် ပညာပေးအစီအစဉ်များတွင် လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်လာပြီး ကျန်းမာရေးအသိပညာများ ပိုမိုတိုးတက်လာခြင်းမှတစ်ဆင့် ကျန်းမာသောအမူအကျင့်များသို့ ပြောင်းလဲလာနိုင်မည်ဖြစ်ပါကြောင်း။

အရေးပေါ်အခြေအနေတွင် ရာသီတုပ်ကွေး A(H1N1)ဖြစ်ပွားမှုကာလနှင့် အခြားကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေများတွင် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးဆိုင်ရာအသိပညာ နှိုးဆော်ပေးချက်များထုတ်ပြန်ခြင်း၊ ကျန်းမာရေးအသိပညာအထောက်အကူပစ္စည်း(IEC)များ စသည့် ပိုစတာများ၊ လက်ကမ်းစာစောင်များ ထုတ်လုပ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနများမှတစ်ဆင့် ဖြန့်ဖြူး၍ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်၍ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများရရှိလာစေရန် ဆောင်ရွက်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် မီဒီယာတို့အကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးတက်စေရန် ရည်ရွယ်၍ ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

နိုင်ငံပိုင်မီဒီယာများ၊ FM Radio များနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများသို့ ရာသီအလိုက်ဖြစ်ပွားတတ်သည့် ကျန်းမာရေးပြဿနာနှင့် ရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်များ ကြိုတင်ပေးပို့ကာ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ကြိုတင်သိရှိ၍ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားပါက ထိရောက်သောကုသမှုကို စောလျင်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာခြင်းမှတစ်ဆင့် ဖြစ်ပွားသောရောဂါများကို ကြိုတင်ကာကွယ်ခြင်းဖြင့် ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသရသော လူနာများပြားလာခြင်းကို လျော့ချနိုင်မည်ဖြစ်၍ ဆရာဝန်၊ သူနာပြုများမှ နည်းပါးသောလူနာများကို ပိုမိုအရည်အသွေးပြည့်စွာ ကုသပေးနိုင်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အကုန်အကျများခြင်းတို့ကို လျော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိခြင်းအတွက် ထွက်ပေါ်လာသည့် ဘဏ္ဍာငွေများကို ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများ(Health-Care Innovation)အတွက်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရာတွင် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်၏ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းသည်လည်း မြင့်မားလာသည်နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ နေနိုင်လာမည့်အပြင် ပြည်သူများ၏ မျှော်မှန်းသောလူ့သက်တမ်းသည်လည်း တစ်နှစ်ထက်တစ်နှစ်မြင့်မားလာမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN