တိုကျို   ၁၇ ဇွန်   

ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက   ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်များစွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းမှုဖြစ်ပွားခြင်းကို ကာကွယ်ရေးအတွက် နိုင်ငံတကာ အလုပ်မူဘောင်တစ်ရပ်ချမှတ်ရန် ဆွေးနွေးခဲ့ကြကြောင်း ယနေ့သတင်းများအရ သိရသည်။

ဇွန် ၁၆ ရက်တွင် ဝန်ကြီးများက ဂျပန်နိုင်ငံအပန်းဖြေစခန်းမြို့ဖြစ်သည့် ကာရိုင်ဇာဝါ၌ နှစ်ရက်ကြာ အစည်း အဝေးကျင်းပခဲ့ပြီးနောက်   ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြသည်။

ကျန်းမာရေးထိခိုက်နိုင်

အဆိုပါထုတ်ပြန်ချက်တွင်  ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်စွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းမှုကိုကာကွယ်ရန် အရေးပေါ်လုပ်ငန်းစဉ်တစ်ရပ် ချမှတ်မည်ဖြစ်ကြောင်း  သိရသည်။ ရေထုညစ်ညမ်းမှုအန္တရာယ်ကြောင့်သက်ရှိပတ်ဝန်းကျင်အဖွဲ့အစည်းဂေဟစနစ်များကို ပျက်စီးစေသည့်အပြင် လူသားများ၏ကျန်းမာရေးကိုပါ ထိခိုက်စေ နိုင်သည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်  ၄င်းတို့၏ ပလတ်စတစ်လျှော့ချသုံးစွဲမှုနှင့်  ပတ်သက်သည့်  လုပ်ငန်းစဉ်ဆိုင်ရာ  အစီရင်ခံစာများထားရှိရမည်ဖြစ်ကြောင်း ဝန်ကြီးများက ဆွေးနွေးပြောကြားခဲ့သည်။

အစိုးရများအနေဖြင့်လည်း      စွန့်ပစ်ပစ္စည်းများမှပလတ်စတစ်ထုတ်ကုန်များ ထုတ်လုပ်ထားရှိမှုနှင့် အမှိုက်များစနစ်တကျစွန့်ပစ်မှုတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုဆောင်းထားရမည်ဖြစ်သည်။

ထို့ပြင် ဝန်ကြီးများက ကမ္ဘာကြီးပူနွေးလာမှုအခြေ အနေနှင့်ပတ်သက်ပြီး  ဆွေးနွေးခဲ့သည်။ ရာသီဥတုပြောင်း လဲဖောက်ပြန်မှုကြောင့်  ပျက်စီးဆုံးရှုံးမှုများ  နည်းသည်ထက်နည်းစေရန် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် ၄င်းတို့က ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဂျပန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ယိုရှီယာကီဟာရာဒါက  ယခုကျင်းပသော  ဂျီ-၂၀  အစည်းအဝေးမှရလဒ်ကောင်းများထွက်ပေါ်ခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းရာတွင် ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်န်အိတ်ချ်ကေ