ဂျီနီဗာ  ဇွန်  ၅

ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာအသိုက်အဝန်းမှ ပူးပေါင်း ပါဝင်ကြရန် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်၏ အကြီးအကဲက တိုက်တွန်းထားသည်။

ဇွန်  ၅  ရက်တွင်    ကျရောက်သည့်   ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ မတိုင်မီ  အင်န်အိတ်ချ်ကေနှင့် အင်တာဗျူး၌ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ အန်ဂါအန်ဒရာဆင်က     အထက်ပါအတိုင်း    ပြောကြားခဲ့ခြင်းဖြစ်သည်။

ပလတ်စတစ်ညစ်ညမ်းမှုတားဆီးရေး ပထမဦးဆုံး တရားဝင်စည်းမျဉ်း စာချုပ်မူကြမ်း အကောင်အထည်ဖော်ရန် လွန်ခဲ့သည့်နှစ်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်အစိုးရအချင်းချင်း ညှိနှိုင်းရေးကော်မတီဝင်များ တွေ့ဆုံခဲ့သည်။

သို့သော်လည်း နိုင်ငံအချင်းချင်းကွဲပြားမှုကြောင့် သဘောတူညီချက်မရရှိခဲ့ချေ။ ထို့ကြောင့် ယခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်နေ့တွင် ပလတ်စတစ်ညစ်ညမ်းမှု   အဆုံးသတ်ရေးကို အလေးပေးထားသည်။

ပလတ်စတစ်ညစ်ညမ်းမှုသည်   ပြဿနာတစ်ခုဟု တစ်ကမ္ဘာလုံးက သတိပြုမိမည်ဟု ထင်ကြောင်း၊ ထို့ပြင် ကမ်းခြေနှင့်သမုဒ္ဒရာတို့အတွက်လည်း ပြဿနာဖြစ်ပြီး ကျွန်ုပ်တို့၏ မြေဆီလွှာနှင့် ရေရရှိရေး အတွက်ပင် ပြဿနာတစ်ခုဖြစ်နေကြောင်း အန်ဂါအန်ဒရာဆင်က  ပြောကြားသည်။

ဩဂုတ်လ၌   ဆွစ်ဇာလန်နိုင်ငံ    ကျင်းပမည့်   ကော်မတီအစည်းအဝေးတွင်    စာချုပ်မူကြမ်း အတွက်  သဘောတူညီချက်ရရှိမည်ဟု    မျှော်လင့်ကြောင်း   ၎င်းက   ဆက်လက်ပြောကြားသည်။            

အင်န်အိတ်ချ်ကေ