ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့

ဒေါ်သွဲ့သွဲ့စံ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

ကျွန်ုပ်တို့ ယနေ့ကြုံတွေ့နေရသည့် ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။ ပလတ်စတစ်အိတ်များ၊ အသုံးအဆောင်များနှင့် ပရိဘောဂများ သုံးစွဲမှုများပြားလာသည်နှင့်အမျှ ပလတ်စတစ် စွန့်ပစ်ပမာဏလည်း မြင့်တက်လာပြီး ညစ်ညမ်းမှု ဖြစ်လာစေသည်။ ထိုပြဿနာကို အလေးအနက် ထားပြီး တိုက်ဖျက်ရန် အချိန်တန်ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့် မှတ်တိုင်တစ်ရပ် စိုက်ထူခဲ့သည့်နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Solutions to Plastic Pollution” “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဟူ၍ သတ်မှတ်ထားသည်။ ယခုနှစ်ဆောင်ပုဒ် (Theme) ၏ရည်ရွယ်ချက်မှာ ပလတ်စတစ်ညစ်ညမ်းမှုကို လူသားများ ပိုမိုသတိပြုမိလာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပလတ်စတစ် ညစ်ညမ်းမှုပြဿနာကို အားလုံးဝိုင်းဝန်း ပူးပေါင်းအဖြေရှာနိုင်စေရန်ဖြစ်သည်။

၁၈၆၂ ခုနှစ်မှစ၍ ထုတ်လုပ်

ပလတ်စတစ်ဆိုသည်မှာ လက်တင်စကားလုံး (Plasticus) ပုံသွင်းနိုင်ခြင်း၊ ဂရိစကားလုံး (Plastikos) ပုံသွင်း၍ကောင်းခြင်းတို့မှ ဆင်းသက်လာသည်။ ပလတ်စတစ်သည် လူတို့ဖန်တီးထားသော အော်ဂဲနစ်ပိုလီမာ(Organic Polymer)တစ်မျိုးဖြစ်သည်။ ပင်ကိုအားဖြင့် ပုံသဏ္ဌာန်မရှိသော်လည်း အပူနှင့် ဖိအားအောက်တွင် ပုံသွင်း၍ပြုလုပ်နိုင် သည်။ ပလတ်စတစ်များကို ၁၈၆၂ ခုနှစ်မှစ၍ အနက်‌ရောင် သို့မဟုတ် အညိုရောင်ဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်မှစ၍ ကာလာစုံ ပလတ်စတစ်များ စတင်တီထွင်သုံးစွဲလာကြသည်။ ပလတ်စတစ်ကို ရေနံ/ရေနံစိမ်း၊ ကျောက်မီးသွေး၊ သစ်စေး စသည့်ကုန်ကြမ်းသုံးမျိုးဖြင့် ထုတ်လုပ်သည်။

ပလတ်စတစ်သည် ဝယ်ယူသုံးစွဲရန် စျေးနှုန်းသက်သာခြင်း၊ သယ်ယူရာတွင် လွယ်ကူခြင်း၊ ထုပ်ပိုးရာတွင် ပေါ့ပါးကြံ့ခိုင်ခြင်း၊ ကြာရှည်ခံခြင်း၊ စွန့်ပစ်ရန်လွယ်ကူခြင်း၊ ပုံသဏ္ဌာန်အရွယ်အစား အမျိုးမျိုးထုတ်လုပ်ရန် လွယ်ကူခြင်း၊ စတီး၊ သံထည်နှင့် ဖန်ထည်တို့ထက် စျေးနှုန်းသက်သာပြီး အလွယ်တကူ အစားထိုးအသုံးပြုနိုင်ခြင်း၊ ကျုံ့နိုင်/ ကြွနိုင်သော အရည်အသွေးရှိခြင်းတို့ကြောင့် အစားအစာ ထုပ်ပိုးမှုမှစ၍ ယာဉ်အမျိုးမျိုး၊ လူ့အသုံးအဆောင်နှင့် ပရိဘောဂအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အသုံးအဆောင်အမျိုးမျိုးတို့၏ အဆင်တန်ဆာများအထိ လူနေမှုဘဝအတွက် မရှိမဖြစ်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနေကြသည်ကို တွေ့ရသည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ဇီဝပျက်စီးမှုမဖြစ်နိုင်သော အရာတစ်ခုဖြစ်ပြီး မီးရှို့ ဖျက်ဆီးသော်လည်း ၎င်း၏အကျိုးဆက်မှာ ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် ဖယ်ရှားပစ်ရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး ပလတ်စတစ်သည် ပတ်ဝန်းကျင်တွင် နှစ်ရာနှင့်ချီ၍ တည်ရှိနေပြီး လေ၊ ရေနှင့် မြေထုညစ်ညမ်းမှုတို့ကိုဖြစ်စေသည်။

ပလတ်စတစ်ညစ်ညမ်းမှုကြောင့် နှစ်စဉ်တိရစ္ဆာန်များ၊ ငှက်များနှင့် ရေနေသတ္တဝါ အများအပြား သေဆုံးနေကြရသည်။ ပလတ်စတစ်အိတ်များနှင့် ပလတ်စတစ် အမှုန်အမွှားများကို လေ၊ ရေတို့မှတစ်ဆင့် သယ်ဆောင်ကာ မြစ်များ၊ ပင်လယ်များ၊ သမုဒ္ဒရာများထဲသို့ ရောက်ရှိသွားကာ ရေနေသတ္တဝါများက အစာအဖြစ် မှား၍စားသောက်မိသောကြောင့် အဏ္ဏဝါသတ္တဝါများ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဏ္ဏဝါသတ္တဝါများကဲ့သို့ပင် အခြားတိရစ္ဆာန်များလည်း အစာအမှတ်ဖြင့် စားသုံးမိသောကြောင့် အူလမ်းကြောင်းပိတ်မိခြင်း၊ အသက် ရှူကျပ်ခြင်းနှင့် အသက်သေဆုံးခြင်းများ ဖြစ်နိုင်သည်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာကာ ခြင်၊ ယင်နှင့် အခြားအင်းဆက်ပိုးမွှားများ မွေးမြူရာ နေရာဖြစ်လာပြီး လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

ကြီးမားသောပြဿနာဖြစ်လာ

လူတို့အတွက် ပလတ်စတစ်သည် အသုံးဝင်သော ပစ္စည်းတစ်ခုဖြစ်သော်လည်း ပြိုကွဲပြီး အလွယ်တကူ ပျော်ဝင်ခြင်းမရှိသည့်အတွက် ပလတ်စတစ်ကို ထင်သာမြင်သာရှိသော အရွယ်အစားကြီးမှသည် မိုက်ခရိုစကုပ်အရွယ်အစားအထိ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရသည်။ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါများ၏ ကျန်းမာရေး၊ လူသားမျိုးနွယ်တို့၏ ကျန်းမာရေးနှင့် အဏ္ဏဝါဂေဟစနစ်အတွက် ကြီးမားသောပြဿနာဖြစ်လာသည်။ ဤညစ်ညမ်းမှုသည် သန့်ရှင်းမှုနှင့် ခရီးသွားလုပ်ငန်းအတွက် ဝင်ငွေဆုံးရှုံးမှုဖြစ်လာစေသည်။ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ခန့်ထုတ်လုပ်နေပြီး တစ်ဝက်သာ ပြန်လည် အသုံးပြုနိုင်သည်။

သိပ္ပံပညာရှင်များက အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးတွင် မိုက်ခရိုပလတ်စတစ်များကို တွေ့ရှိခဲ့သည်။ အစားအစာနှင့် တိုက်ရိုက်ထိတွေ့သော ပလတ်စတစ်များတွင် BPAs များသို့ Bisphenol A အဖြစ် အသည်းတွင် ဇီဝဖြစ်စဉ်အရ ချေဖျက်ပြီး လူသတ္တဝါတို့၏ ဆီးမှတစ်ဆင့် စွန့်ထုတ်သော်လည်း တချို့မှာ ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသည်။ ရေဘူး များမှတစ်ဆင့်လည်း မိုက်ခရိုပလတ်စတစ်များကို နေ့စဉ်သောက်သုံးနေကြရသည်။ ၂၀၁၈ ခုနှစ်တွင် WHO က ရေသန့်ဘူးများ၏ ၉၀ ရာခိုင်နှုန်းတွင်  မိုက်ခရိုပလတ်စတစ်များပါဝင်ကြောင်း‌ ဖော်ထုတ်ခဲ့သည်။

နေ့စဉ်စွန့်ပစ်လျက်ရှိသည့် စွန့်ပစ်ပစ္စည်း အားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ပလတ်စတစ် ပစ္စည်းများဖြစ်သည်။ ပလတ်စတစ်(ကြွပ်ကြွပ်အိတ်)များကို မြေနိမ့်ပိုင်းဖြစ်သော တွင်းများ၊ ချိုင့်များ၊ ရေမြောင်းများအတွင်းသို့ စွန့်ပစ်ခြင်း၊ မီးရှို့ခြင်း စသည်ဖြင့် စွန့်ပစ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်တစ်နေ့ ပလတ်စတစ်အိတ် လေးလုံးခန့်အသုံးပြုနေပြီး နေ့စဉ်စွန့်ပစ်ပစ္စည်းပမာဏ၏ ၂၀ ရာခိုင်နှုန်းမှာ ပလတ်စတစ်အိတ်များဖြစ်သည်။ ပလတ်စတစ်ကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ လျှပ်စစ်ပစ္စည်းများတွင် ၅ ဒသမ ၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးယာဉ် များတွင် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ အိမ်သုံး ပစ္စည်းများတွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်း၊ ထုပ်ပိုးပစ္စည်း များတွင် ၃၉ ဒသမ ၉ ရာခိုင်နှုန်း အသုံးပြုနေကြသည်။ နှစ်စဉ် ပလတ်စတစ်ဘူးခွံပေါင်း ဘီလီယံ ၂၀ နီးပါး အမှိုက်ပုံးထဲသို့ စွန့်ပစ်နေကြသည်။

ရေကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေ

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ကျွန်ုပ်တို့အတွက် သောက်သုံးရေ အရင်းအမြစ်ဖြစ်သည့် မြစ်၊ ချောင်းများကိုညစ်ညမ်းစေသည်။ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သောက်သုံးရေ အရည်အသွေးသည် တစ်နေ့တခြားဆိုးရွားလာပြီး ရေကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ မီးရှို့ဖျက်ဆီးလျှင်လည်း အီသိုင်လင်အောက်ဆိုက်နှင့် ဒိုင်အောက်စင်ဓာတ်ငွေ့များထွက်ကာ လေထု ညစ်ညမ်းစေခြင်း၊ ရှူရှိုက်မိပါက ကင်ဆာရောဂါ ဝေဒနာများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ပလတ်စတစ်သည် လေ၊ ရေနှင့် မြေထုကိုပါ ညစ်ညမ်းစေသည်။

မည်မျှပင် ကြိုးစားစေကာမူ ပလတ်စတစ် ပစ္စည်းများကို လုံးလုံးလျားလျား ဖယ်ထုတ်၍ မရနိုင်ပေ။ သို့သော် ကျွန်ုပ်တို့သည် ပလတ်စတစ် အသုံးပြုမှုကို သေချာပေါက်ကန့်သတ်နိုင်သည်။ 5R စနစ်ဖြစ်သော ပလတ်စတစ်ကိုလျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်တီထွင်အသုံးချခြင်း (Recycle)၊ အသုံးပြုနိုင်သောနေရာသို့ ပြန်လည်ပေးပို့ခြင်း(Return)၊ အသုံးပြုရန်မလိုအပ်ပါက ငြင်းပယ်ခြင်း (Reject) စသည့် နည်းလမ်းငါးသွယ်ဖြင့် ပလတ်စတစ် ညစ်ညမ်းမှုကို ထိန်းချုပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လူတစ်ဦးချင်းစီ၏ ပလတ်စတစ်သုံးစွဲမှုကို တစ်ရက်လျှင် တစ်အိတ်၊ တစ်ပတ်လျှင် ခုနစ်အိတ်၊ တစ်လလျှင် အိတ် ၃၀၊ တစ်နှစ်လျှင် ၃၆၅ အိတ် လျှော့ချသုံးစွဲပါက လူဦးရေ သန်း ၆၀ နီးပါးရှိသည့်အတွက် တစ်နှစ်လျှင် ကြွပ်ကြွပ်အိတ်သုံးစွဲမှု သန်း၂၁၉၀၀ ခန့် လျှော့ချ နိုင်မည်ဖြစ်သည်။

ပလတ်စတစ်ကိုလျှော့ချခြင်း (Reduce) ဆိုသည်မှာ ကြွပ်ကြွပ်အိတ်များအစား ချည်ဖြင့် ပြုလုပ်ထားသည့် ဈေးဝယ်အိတ်များ၊ စက္ကူအိတ် များ၊ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ ချိုင့်စသည်တို့ကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျှော့ချခြင်း၊ ပစ္စည်းများဝယ်ယူရာတွင် စျေးဆိုင်များက ပလတ်စတစ်အိတ်အစား အဝတ်ဖြင့် ပြုလုပ် ထားသောအိတ်များ အသုံးပြုခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကို လျှော့ချခြင်းတို့ဖြစ်သည်။

ပြန်လည်အသုံးပြုခြင်း (Reuse) ဆိုသည်မှာ ကြွပ်ကြွပ်အိတ်အဟောင်းများ၊ ပလတ်စတစ်ဘူးများ၊ ကားတာယာအဟောင်းများ၊ ဓာတ်ခဲများကို စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း၊ အကြိမ်ကြိမ် ပြန်လည်သုံးစွဲနိုင်သည့် ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း၊ မိမိ၏ အသုံးအဆောင်ပစ္စည်းများအား အခြားသူများသို့ ပေးကမ်းခြင်း၊ လှူဒါန်းခြင်းဖြင့် ပြန်လည်သုံးစွဲမှုပြုလုပ်ခြင်း၊ ပရိဘောဂများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ကျိုးပဲ့ပါက တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲခြင်းတို့ဖြစ်သည်။

ပြန်လည်တီထွင်အသုံးချခြင်း (Recycle) ဆိုသည်မှာ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ် ပြန်လည်ထုတ်လုပ်ခြင်း၊ အမှိုက်အမျိုးအစား ခွဲခြားခြင်းဖြင့် ရရှိလာသည့် အသုံးမလိုသော  သတင်းစာ၊ စာစောင်များ၊ စက္ကူများ၊စာအုပ်အဟောင်းများ၊ ပုလင်းများ၊ သံဘူး/ကော်ဘူးများ၊ သံတိုသံစများ၊ ကားတာယာအဟောင်းများကို ပြန်လည်တီထွင် အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထားသော ကုန်ပစ္စည်းများ ဝယ်ယူ သုံးစွဲခြင်း၊ Recycle နည်းလမ်းများကို မိမိပတ်ဝန်းကျင်အား ပြန်လည်မျှဝေပေးခြင်းတို့ဖြစ်သည်။

အသုံးပြုနိုင်သောနေရာသို့ ပြန်လည်ပေးပို့ခြင်း (Return) ဆိုသည်မှာ ထည့်စရာမပါလျှင် ဆိုင်မှ ထည့်ပေးလိုက်သော ပလတ်စတစ်အိတ်ကို အိမ်သို့ရောက်၍ ပစ္စည်းများလှယ်ပြီးပါက ဆိုင်သို့ပြန်ပေးပါ။ အသုံးပြုပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို (Recycle) ကုန်ပစ္စည်းအသစ် တီထွင်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ပြန်လည်ပေးပို့ရန်ဖြစ်သည်။

အသုံးပြုရန်မလိုအပ်ပါက ငြင်းပယ်ခြင်း (Reject) ဆိုသည်မှာ ဈေးဝယ်လျှင်ဆိုင်မှ ပလတ်စတစ်အိတ်ဖြင့်ပေးပါက ငြင်းဆန်ပြီး မိမိတွင်ပါလာသောအိတ်၊ ခြင်းများကိုအသုံးပြု၍ ပလတ်စတစ် အသုံးပြုခြင်းကို ငြင်းပယ်ရန်ဖြစ်သည်။

ပလတ်စတစ်ဘဏ်တည်ထောင်ကာ ပလတ်စတစ်ကိုလျှော့ချ

အချို့နိုင်ငံများတွင် ပလတ်စတစ်ဘဏ် တည်ထောင်ကာ ပလတ်စတစ်ကို လျှော့ချရန် ဆောင်ရွက်နေကြသည်။ ပလတ်စတစ်ဘဏ်သည် ပလတ်စတစ်အမှိုက်များကို ဈေးကွက်ထက် ပိုပေး၍ဝယ်မည့် လူမှုရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ပလတ်စတစ်စုဆောင်းသူများကို ၎င်းတို့၏ နေ့စဉ်သုံးပစ္စည်းများ၊ ကျောင်းလခများ၊ လောင်စာဖိုးများကို ပြန်လည်ကာမိအောင် ရောင်းဝယ်နိုင်သည်။ ထိုစီမံကိန်းသည် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရင်း တစ်ဖက်တစ်လမ်းမှ ပလတ်စတစ်များ သမုဒ္ဒရာ အတွင်းဝင်ရောက်မည့်ပမာဏကို လျှော့ချနိုင်ရန် လည်းဖြစ်သည်။

NASA ၏ ဆိုင်ကလုန်း ကမ္ဘာလုံးဆိုင်ရာ သွားလာရေးဂြိုဟ်တု (Cyclone Global Navigation Satellite System-CYGNSS)သည် သမုဒ္ဒရာအတွင်း အပူပိုင်းလေတိုက်နှုန်းကို စောင့်ကြည့်ခြင်းဖြင့် ဟာရီကိန်းများကို ကြိုတင်ခန့်မှန်းရန် မူလက ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ရေမျက်နှာပြင်ကို တိုင်းတာခြင်းဖြင့် ရေထဲတွင် မိုက်ခရိုပလတ်စတစ် ပါဝင်မှုကိုသိရှိနိုင်ပြီး ပင်လယ်ပြင်ကို သန့်ရှင်းအောင် ကူညီပေးရန်နှင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်လာသည်။

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင် တစ်ဦးက Polyethylene Terephthalate(PET)ကို ဖြိုခွဲနိုင်သည့် ပလတ်စတစ်စားနိုင်သော အင်ဇိုင်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ Ideonella Sakaiensis 201 . F6 ဟူသော အင်ဇိုင်းသည် PET တွင်ပါဝင်သည့် ကာဗွန်ကိုစားသုံးခြင်းဖြင့် ပလတ်စတစ်ကို ချေဖျက်နိုင်‌သော ဗက်တီးရီးယား တစ်မျိုးဖြစ်သည်။

အကျိုးကျေးဇူးများရရှိလာ

ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ် ထိန်းသိမ်းနိုင်ပြီး စွန့်ပစ်ပလတ်စတစ်များကင်းလျှင် မိမိပတ်ဝန်းကျင်ပသာဒ သာယာလှပစေသကဲ့သို့ မြို့ပြလည်း သာယာလှပလာမည်ဖြစ်သည်။ သက်ရှိများ၏ ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ခြင်း၊ လူသားတို့၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက် လာနိုင်ခြင်း၊ စိုက်ပျိုးသီးနှံကောင်းမွန်လာနိုင်ခြင်း၊ မိမိပတ်ဝန်းကျင်တွင်ပင် လက်တွေ့ကျကျ အမှိုက်ထွက်ရှိမှု လျော့နည်းလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။
 
ပလတ်စတစ်ညစ်ညမ်းမှုသည် အထူးအာရုံစိုက်ဖြေရှင်းရန် လိုအပ်သော ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးအပေါ် ပလတ်စတစ်၏ ဆိုးကျိုးများကို လျစ်လျူမရှုဘဲ ဤအန္တရာယ်ကို တိုက်ဖျက်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ စုပေါင်းဆောင်ရွက်မှုများဖြင့် ရေရှည် တည်တံ့သော လူနေမှုပုံစံကို မြှင့်တင်နိုင်ပြီး မျိုးဆက်သစ်များအတွက် ပိုမိုသန့်ရှင်း၍ ကျန်းမာသောအနာဂတ်ကို အာမခံနိုင်မည်ဖြစ်သည်။

ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းချုပ်ရန်မှာ အစိုးရတစ်ခုတည်း၏ တာဝန်သာမကဘဲ ပြည်သူလူထုအားလုံး တာဝန်သိသိဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ထိုပြဿနာကို တိုက်ဖျက်ရန် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီက ကြိုးစားရမည် ဖြစ်သည်။ လူတစ်ဦးချင်းမှ ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်းလာအောင် လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ယိုယွင်းမှု၊ ညစ်ညမ်းမှုမရှိစေဘဲ သဘာဝသယံဇာတ အရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာအသုံးပြုနိုင်ကာ ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ဖန်တီး သွားကြရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ ပူးပေါင်း ဖြေရှင်းဆောင်ရွက်စို့” “ Solutions to Plastic Pollution” ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှုကို အားလုံးပူးပေါင်း ပါဝင်လက်တွဲကာ တိုက်ဖျက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

ကိုးကားချက် 
၁။    www.earth.org
၂။    BBC earth 
၃။    Infinity Learn 
၄။    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးများ