ရန်ကုန် မတ် ၇
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံ (၂) ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီ တွင်အဆိုပါဆေးရုံ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က (၂) ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ပြည်သူ့ဆေးရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး၍ ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကာ (၂) ထပ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရန် အခြေခံလိုအပ်သည့် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
“ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိသည့် ဆေးရုံများ အားလုံး၌ ဆရာဝန်များ တာဝန်ချထားပေးပြီး ဆေးရုံလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက်လည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ပြီးခဲ့သည့် ၄ နှစ်အတွင်း ဆေးရုံအဆောက်အဦသစ်များ အများအပြား ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် (၂) ထပ် ကုသဆောင်သစ်ကို ၂၀၂၄ ခုနှစ်၊ မေလမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ယူဆောက်လုပ်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်နှင့်အညီ ခွဲစိတ်ခန်း နှင့် မွေးခန်းပါ RC နှစ်ထပ် အဆောက်အဦ ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဆေးရုံဥပဓိရုပ်ကောင်းမွန်စွာဖြင့် ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများအားကိုး ယုံကြည်ရသည့် ဆေးရုံဖြစ်စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ဒေသခံများ၏ ပညာရေး၊ လူမှုရေးလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် အဆောက်အဦဖြစ်မြောက်စေရေး ကူညီပံ့ပိုးသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆေးရုံ (၂) ထပ် ကုသဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုအေး ကရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိမ်း တို့က (၂) ထပ်ကုသဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ဧည့်သည်တော်များအား ပေးအပ်ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံကို ၁၉၇၉-ခုနှစ်၌ ဆောက်လုပ်ခဲ့ပြီး ၁၉၈၂-ခုနှစ်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ ယခုဖွင့်လှစ်သည့် အဆောက်အဦ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၁၂၄၇) သန်း ဖြစ်ကြောင်း၊ မြေညီထပ်၌ လူနာခန်း (၃) ခန်း၊ မွေးခုတင် (၂) ခုပါ သားဖွားခန်း အပါအဝင် မွေးလူနာများအတွက် အခန်း (၃) ခန်း၊ မွေးကင်းစကလေးလူနာခန်း (၁) ခန်း၊ လူနာများအတွက် ရေချိုးခန်းနှင့်အိမ်သာများ၊ ဆေးပေးခန်း၊ ဆရာဝန်များ နားနေခန်း၊ သူနာပြုများနားနေခန်းတို့ပါဝင်ပြီး အပေါ်ထပ်တွင် ခွဲစိတ်ခန်း (၂) ခန်း၊ ဆရာဝန်၊ သူနာပြု နားနေခန်း (၁) ခန်း၊ လူနာစောင့် နားနေခန်း (၁) ခန်းနှင့် ခုတင် (၄) လုံးပါဝင်သည့် လူနာစောင့်ကြပ်ကြည့်ရှုခန်း (၁) ခန်းတို့ ပါဝင်ဖွဲ့စည်း ဆောက်လုပ်ထားကြောင်း သိရသည်။
သတင်းစဉ်
