နေပြည်တော် ဧပြီ ၄
တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး /ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာ ရေးနှင့်ဆက်နွှယ်သော ဝန်ကြီးဌာနများပူးပေါင်း၍ ဆွေးနွေးပွဲ ခေါင်းစဉ် ၇ ခုဖြင့် ပညာ ရေးညီလာခံ(၂၀၂၃)ကို ကျင်းပသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ မတ် ၂၉ ရက်က ပညာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ဆွေးနွေးပွဲတွင် ဆက်စပ်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များညှိနှိုင်း၍ ဆွေးနွေးပွဲ ခေါင်းစဉ် (၇)ခုကို လျာထားခဲ့ပါကြောင်း၊ အနာဂတ်ပညာရေး ကောင်းမွန်ရန်စီစဉ် ဆောင်ရွက် ခြင်းဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာ ကျောင်းများမှ ဆရာကြီးဆရာမကြီးများအပြင် အငြိမ်းစား ပညာရှင်များကိုပါ ဖိတ်ကြား၍ ညီညီညွတ်ညွတ် ဝိုင်းဝန်း ပူးပေါင်းကာ အောင်မြင်အောင် ကျင်းပဆောင်ရွက်ကြ စေလိုပါကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကို ကြီးကြပ်ဆောင်ရွက် ရန်ဖြစ်ပါကြောင်း။
ပုသိမ်တက္ကသိုလ်တွင် အဏုဇီဝဗေဒဘာသာရပ်ဆိုင်ရာပညာရပ်သင်တန်း ဖွင့်လှစ် မည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်ရေးအတွက် ပူးပေါင်းကူညီဖြည့်ဆည်း ဆောင် ရွက်ပေးကြစေလိုပါကြောင်း၊ လာမည့်မေလတွင် Grade-9 နှင့် Grade-12စနစ်သစ် သင်ရိုးသစ် ဘာသာရပ် ဗဟိုအဆင့်နည်းပြသင်တန်းကို ကျင်းပမည်ဖြစ်ရာ သင်ရိုးသစ် ပါဝင်ရေးဆွဲခဲ့သော ပါမောက္ခကြီးများ ပို့ချမည်ဖြစ်ပြီး တက္ကသိုလ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ တက်ရောက်ကြ ရမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာဆရာမများကို ၁၀ ရက်ကြာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချ သင်ကြားပေးကြရ မည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ဌာနအလိုက် လုပ်ငန်းများအလိုက် Data အချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး အဆင့်ဆင့် ကြီးကြပ်ဆောင် ရွက်ကြ စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကြီးငယ်မဟူ အချင်းချင်း အပြန်အလှန် လေးစား မှုဖြင့် နွေးနွေးထွေးထွေးဆက်ဆံ၍ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းလက်တွဲဆောက်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့် ပညာရေးညီလာခံဆွေးနွေးပွဲခေါင်းစဉ် မူကြမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ကျောင်းအားလုံးတွင် ကျောင်းဥပဓိရုပ်များ ကောင်းမွန်အောင် အလေးထားဆောင်ရွက်ရေးနှင့် ကျောင်းများတွင် စာပေပညာသာမက ကာယပညာလုပ်ငန်းစဉ်များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းက စာမေးပွဲမှန်သမျှ အလွန် အရေးကြီးသည့် လျှို့ဝှက်ကိစ္စဖြစ်သဖြင့် ဆရာ၊ဆရာမများအနေဖြင့် စာမေးပွဲ လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်