ရန်ကုန် ၂၆ ဇူလိုင်
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီက ကျင်းပသည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသား ပညာရေးဥပဒေ ပုဒ်မ ၂၆ အရ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရမည်ဟု ဖော်ပြထားပါသဖြင့် ထိုသို့ ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ရန်အတွက် တက္ကသိုလ် စီမံအုပ်ချုပ်မှု၊ ဖွဲ့စည်းပုံ၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့် သင်ကြားသင်ယူမှုနည်းလမ်း၊ သုတေသနနှင့် သုတေသနဂျာနယ်ထုတ်ဝေခြင်း၊ တက္ကသိုလ်တွင်း အရည်အသွေး အာမခံမှုနှင့် ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်၊ ကျောင်းသားနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ဆရာ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်၍ တက္ကသိုလ်စံ သတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနိုင်ရန် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင် စွမ်းရည်ရှိသော ဘွဲ့ရလူငယ်မောင်မယ်များ၊ တစ်သက်တာသင်ယူသူများ ပြုစုပျိုးထောင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်များနှင့် မန္တလေးတက္ကသိုလ် အစုအဖွဲ့ တက္ကသိုလ်များကို အမျိုးသားပညာရေး ဥပဒေအရ လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရေး ဦးတည်အကောင်အထည်ဖော်မှုကို အားပေးမြှင့်တင်ရန် လိုအပ်သော ဖြည့်ဆည်းပံ့ပိုးမှုများ၊ အခက်အခဲများကို အတူပူးပေါင်း ဖြေရှင်းဆောင်ရွက်ပေးလိုကြောင်း။
နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း မူဝါဒချမှတ် ဆောင်ရွက်၍ ကျောင်းသားဖလှယ်ခြင်း၊ ဆရာဖလှယ်ခြင်း၊ သုတေသနပူးပေါင်း ဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းရေးသားခြင်းများအတွက် အားပေးဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က ကဏ္ဍအလိုက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက “Teaching for Tomorrow”ခေါင်းစဉ်၊ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဒေါက်တာကျော်စွာစိုးက “Effect of Digitalization on Higher Education”ခေါင်းစဉ်၊ အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး) မှ ပါမောက္ခချုပ် ဒေါက်တာ ထင်ဇော်စိုးက “Internationalization” ခေါင်းစဉ်၊ နည်းပညာတက္ကသိုလ် (သန်လျင်) မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက “University link for Industry Engagement” ခေါင်းစဉ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက “Comprehensive University”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က “Internal Quality Assurance” ခေါင်းစဉ် ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်တို့ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက် ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စား ပြုကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “Industrial Revolution(IR 4.0)” နှင့် “School Industry Partnership” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားသည်။ယင်းနောက် အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်လာကြသူများက ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင် (၂၆) ရက်နှင့် (၂၇) ရက် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)