မန္တလေး ၃ သြဂုတ်
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြား သင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ် ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ရန်အတွက် တက္ကသိုလ်စီမံအုပ်ချုပ်မှု၊ ဖွဲ့စည်းပုံ၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့်သင်ကြား သင်ယူမှုနည်းလမ်း၊ သုတေသနနှင့် သုတေသနဂျာနယ်ထုတ်ဝေခြင်း၊ တက္ကသိုလ်တွင်း အရည်အသွေးအာမခံမှုနှင့် ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်၊ ကျောင်းသားနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ ဆရာ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်၍ တက္ကသိုလ်စံ သတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ၏ ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနိုင်ရန် နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာသင်ယူသူများ ပြုစုပျိုးထောင်ရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ပညာရေးကဏ္ဍတွင် ဆန်းသစ်တီထွင်ခြင်းသည် အဓိကအားဖြင့် အရည်အသွေးရှိသော ပြုပြင်ပြောင်းလဲမှုကို ပိုမိုအားကောင်းစေပါကြောင်း၊ ထိုပြောင်းလဲမှုများတွင် အကျိုးရှိ၍ အရည်အသွေးနှင့် မျှတမှုရှိသော သင်ယူမှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် လိုအပ်ပါကြောင်း၊ မှန်ကန်သော ကျွမ်းကျင်မှု ရှိလာစေရေးအတွက် ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ပေးခြင်းသည်လည်း ပညာရေးဖြင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်သော လူ့အဖွဲ့အစည်းကို အားပေးဖော်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ စွန့်ဦးတီထွင်ပညာရေးနှင့် သက်ဆိုင်သော သင်ကြားခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းတို့ဖြင့်သာ စဉ်းစားတွေးခေါ်မှု၊ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်း ကောင်းမွန်မှုဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း အားကောင်းလာစေနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မတူကွဲပြားသော ယဉ်ကျေးမှု၊ ဆက်သွယ်ပူးပေါင်းမှုများမှရရှိလာသော အတွေ့အကြုံများကို ကျောင်းသားကျောင်းသူများ ပိုမိုသိမြင်နားလည်လာနိုင်မည် ဖြစ်ပါကြောင်း၊ သင်ယူနိုင်မှု အခွင့်အလမ်းကိုလည်း E-learning, open educational resources and massive open oline course များဖြင့် အားပေးမြှင့်တင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက အမှာစကား ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က “Teaching for Tomorrow”ခေါင်းစဉ်၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဒေါက်တာကျော်စွာစိုးက “Effect of Digitalization on Higher Education ”ခေါင်းစဉ်၊ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမောင် မောင်နိုင်က “Internationalization of Higher Education ”ခေါင်းစဉ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက “University link for Industry Engagement” ခေါင်းစဉ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “Comprehensive University” ခေါင်းစဉ်၊ သူနာပြု တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက “Internal Quality Assurance” ခေါင်းစဉ်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက် ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အတွေ့အကြုံ ရှင်းလင်းပွဲ တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံရှင်းလင်းပွဲကို သြဂုတ် (၃) ရက်နှင့် (၄) ရက် နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး လှုပ်ရှားမှု (သွားကျန်းမာရေး) ဆရာ ဆရာမများဆင့်ပွားသင်တန်းသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


