၁၀ ဩဂုတ်
ပနားမား နိုင်ငံတွင် ယမန်နေ့က ရေကြီးမှု ဖြစ်ပွားနေစဉ်အတွင်း မိသားစု တစ်စုမှ လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ပနားမားမြို့ အနောက်ဘက် ဗီရာဂတ် ပြည်နယ်ရှိ ဘီဂျူကိုမြစ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ကာလိုဗီဘိုရာမြို့ ကမ်းခြေရှိ နေအိမ်တွင် မိသားစု အိပ်ပျော်နေစဉ် ရေစီးနှင့် မျောပါသွားခဲ့ကြောင်း ထိုတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ရေကြီးမှုကြောင့် သေဆုံးခဲ့သူ ၁၁ ဦးအနက် ကိုးဦးမှာ အရွယ်မရောက်သေးသူများ ဖြစ်သည်။
ပနားမား သမ္မတ လောရန်တီနို ကော်တီဇိုက တွစ်တာတွင် ရေကြီးမှုတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း ရေးသားထားသည်။
၁၃ ဦး ပျောက်ဆုံးနေသည်ဟု ကနဦးသတင်း ရရှိခဲ့သဖြင့် အာဏာပိုင်များက ပျောက်ဆုံးသူများကို ရှာဖွေရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။
နိုင်ငံတစ်ဝှမ်းတွင် မိုးကြိုးပစ်ခြင်းနှင့် မုန်တိုင်းများ တိုက်ခတ်ခြင်းတို့နှင့် ပတ်သက်ပြီး အရပ်ဘက် ကာကွယ်ရေး အဖွဲ့က ယမန်နေ့က သတိပေး ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို