ပန်ဆောင် ဇူလိုင် ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော ပန်ဆောင်မြို့သည် မိုးများသောဒေသဖြစ်၍ မိုးတွင်းကာလတွင် တောင်ကျရေများ ကျဆင်းလာပြီး ရေတိုက်စားမှုများကြောင့် ပန်ဆောင် - လောက်လှိုင် - နမ္မလစ် - နန်းယွန်း လီဒိုလမ်းအပိုင်း၌ မြေပြိုမှုများ၊ သစ်ပင်ကြီးများ ပြိုလဲကြမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

 

ထိုသို့ဖြစ်ပေါ်မှုကြောင့် ပန်ဆောင်မြို့ရှိ လမ်းဦးစီးဌာနသည် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာရသော လမ်းပိတ်ဆို့မှုများကဲ့သို့ အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပန်ဆောင်မြို့ လမ်းဦးစီးဌာနက တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများသည် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်ရအောင် လမ်းဘေးဝဲ/ယာ ချုံနွယ်ပေါင်းပင်များကို ရှင်းလင်းခြင်း၊ ချိုင့်ခွက်များကို ယာယီဖာထေးခြင်း၊ ပဲ့ကျနေသော လမ်းပုခုံးများကို ယာယီမြေထိန်းနံရံများ ပြုလုပ်ထိန်းသိမ်းခြင်း၊ ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ လမ်းနယ်သိရှိရန်နှင့် အတားအဆီးသဘောမျိုးအတွက် (GuardPost) မှတ်တိုင်များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဂျာယော်(ပန်ဆောင်)