ပန်းဆိုင်း ၂၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ၊ ပန်ဆိုင်း(ကြူကုတ်)မြို့သို့ ဝင်ရောက်လာသူများကို ကိုရိုနာဗိုင်းရစ်ပ်(အဆုတ်ရောင်)ရောဂါ ကူးစက်ခြင်းရှိ၊ မရှိစစ်ဆေးခြင်းနှင့် လိုအပ်သည့် အခြားကျန်းမားရေးစစ်ဆေးမှုများကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပန်းဆိုင်း(ကြူကုတ်)မြို့၊ မြန်မာ-တရုတ်၊ နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ်၌ တာဝန်ရှိသူများက ဆောင်ရွက်သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာတီခွန်ဆန်းဒွန်း၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူများကို ပန်ဆိုင်းမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကိုရိုနာဗိုင်းရစ်ပ် (အဆုတ်ရောင်)ရောဂါကူးစက်ခြင်းရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်သည်။
ဆက်လက်ပြီး မြန်မာ-တရုတ်၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်များဖြစ်သည့် ပန်းဆိုင်း(ကြူကုတ်)မြို့၊ ကျိန်ကျန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့တွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)