မြိတ် ၂၉ မေ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ တိုင်းနှင့် ပြည်နယ်/ခရိုင် /မြို့နယ်အသီးသီးမှ ဓာတ်ပုံဝန်ထမ်းပေါင်း (၁၀ဝ)ဦးအား Mobile ဖုန်းဖြင့် ပိုမိုကောင်း မွန်သော ဗွီဒီယိုသတင်းများ ရယူပေးပို့ခြင်း၊ ဗွီဒီယိုသတင်းတင်ဆက်ခြင်းကို ဝန်ထမ်းများအားလုံးက လက်တွေ့ဆောင်ရွက်နိုင်စေရန်အတွက် (ပထမ)အကြိမ် Public Speaking For News Reporters အွန်လိုင်းသင်တန်းကို (မေလ၅ရက်မှ၂၈ရက်)အထိ ရက်သတ္တပတ်(၄)ပတ်အတွင်း အပတ်စဉ် အင်္ဂါ နေ့နှင့်ကြာသပတေးနေ့ ည၇နာရီခွဲမှ၉နာရီခွဲအထိ သင်တန်းဆရာမ ဒေါ်စိမ့်ရည်ထက်က ပို့ချသင်ကြားပေးမှုများ မေလ ၂၈ရက်နေ့ညတွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ယင်းသင်တန်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)မှ(၃)ဦး၊ ရုံးချုပ်မှ(၄)ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ(၁၁)ဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၄)ဦး၊ မကွေးတိုင်း ဒေသကြီးမှ(၇)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၈)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၇)ဦး၊ ကချင်ပြည်နယ်မှ(၇)ဦး၊ ကယားပြည်နယ်မှ(၄)ဦး၊ ကရင်ပြည်နယ်(၇)၊ ချင်းပြည် နယ်မှ(၅)ဦး၊ မွန်ပြည်နယ်မှ(၅)ဦး၊ ရခိုင်ပြည်နယ်မှ (၇)ဦးနှင့် ရှမ်းပြည်နယ်မှ (၉)ဦး စုစုပေါင်းသင်တန်း သားဝန်ထမ်း(၁၀ဝ)ဦးက Zoom Metting စနစ်ဖြင့်အွန်လိုင်းမှတစ်ဆင့် Mobile ဖုန်းဖြင့် သင်တန်း တက်ရောက်ကြရာ InterNet အသုံးပြုရန် တစ်ဦးလျှင်ဖုန်းဘေလ်(၁၅၀ဝ)ကျပ်စီကို ပြန်/ဆက်ဦးစီး ဌာန(ရုံးချုပ်)မှ ထောက်ပံ့ပေးကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းကာလ(၈)ရက်အတွင်း သတင်းတင်ဆက်ရခြင်း ရည်ရွယ်ချက်၊ သတင်းတင်ဆက်သူမှ သိထားရမည့် အချက်(၁၀)ချက်၊ သတင်းတင်ဆက်သူ၏ စကားလုံးနှင့်အသံအရေးပါမှု၊ ချိန်ကိုက်တင်ဆက်နိုင်မှု၊ သတင်းဗွီဒီယို မရိုက်ခင် ကြိုတင်စစ်ဆေးမှုများ၊ အင်္ဂလိပ်စကားလုံးများ အသံ ထွက်မှန်စေရေး၊ သတင်းတည်ဆောက်မှု (PREP) အမျိုးမျိုး၊ သတင်း၏တန်ဖိုး၊ လူကြိုက်များနိုင်သည့် သတင်းကဏ္ဍ၊ တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍအတွက် လူမှုဆက်ဆံရေး…စသဖြင့် ဘာသာရပ်များအား Zoom Meeting ဖြင့်နားလည်သဘောပေါက်သည်အထိ အပြန်အလှန် ဆွေးနွေးမှုများနှင့်အတူ သင်ကြားပေးခဲ့သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


