ပြင်စလူ  ၃  အောက်တိုဘာ

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဒေသခံပြည်သူများအားထားရသော အောင်မင်္ဂလာ သောက်သုံး ရေကန် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့ဌာနဆိုင်ရာများက ယနေ့ နံနက် ၁၁ နာရီက သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အဆိုပါ အောင်မင်္ဂလာသောက်ရေကန်ကို လွန်ခဲ့သောနှစ်ပေါင်း (၄၀)နှစ်ခန့်က စတင်တူးဖော်ခဲ့ရာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခဲ့စဉ်က ပျက်စီးခဲ့ပြီး ယခုအခါ အဆိုပါအောင်မင်္ဂလာ သောက်သုံးရေကန်ကို ပြုပြင်ဆောင်ရွက်ခဲ့ရာ ယခုနှစ် စက်တင်ဘာလကုန်ပိုင်းက ပြန်လည်ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။ အောင်မင်္လာသောက်သုံးရေကန်ကို လပွတ္တာမြို့မှ ကိုသန့်ဇော်+မသီတာထွေးတို့မှ မတည်ငွေကျပ်သိန်း(၁၀၀)၊ ပြင်စလူမြို့ဒေသခံပြည်သူများ ထည့်ဝင် လှူဒါန်းငွေများ၊ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း (၃၀၀)တို့ဖြင့်  ပေ(၂၀၀၀)ပတ်လည် ရေကန်ကို ပြုပြင်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည်။ အောင်မင်္ဂလာ သောက်သုံးရေကန်ပြီးစီးခဲ့ခြင်းကြောင့် ပြင်စလူမြို့အတွင်းရှိ ကျေးရွာအုပ်စုပေါင်း(၃၀)အား နှစ်စဉ် နှစ်တိုင်း ရေပေးဝေ သွားနိုင်မည်ဖြစ်ပြီး နွေရာသီကျရောက်လာပါက အဆိုပါသောက်သုံးရေကန်ရှိခြင်းကြောင့် သောက်သုံးရေ အခက်အခဲမရှိ နိုင်ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)