ပင်စင်စားအဖိုးအဖွားတွေရှိရာ လူအိုရုံတွေမှာ လူသေအလောင်းတွေကို စပိန်စစ်သားတွေ တွေ့ရှိ

၂၄ မတ်

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 တိုက်ဖျက်ရေးအတွက် စစ်သားတွေကို တပ်ဖြန့်ချထားရာ ပင်စင်စားတွေစုထားတဲ့ နေရာတွေမှာ တချို့က သေဆုံးနေပြီး တချို့ကတော့ လုံးဝ ပစ်ပယ်ထားတာကို တွေ့ရပါတယ်။ မက်ဒရစ်ရှိ ရှော့ပင်းစင်တာ တစ်ခုကို ရေခဲတိုက်အဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်တွေကို လက်ခံထားနေချိန်မှာ အခုလို ပင်စင်စားတွေရှိရာ လူအိုရုံတွေမှာ အလောင်းတွေ့ရတာဖြစ်ပါတယ်။

 

ကမ္ဘာ့ကပ်ရောဂါဒဏ် အဆိုးရွား ဆုံးခံစားရတဲ့ နိုင်ငံတွေမှာ ပါဝင်တဲ့ စပိန်နိုင်ငံမှာ စစ်သားတွေကို နိုင်ငံတွင်းက လူအိုရုံတွေမှာ ပိုးသတ်ဆေးတွေ ပက်ဖျန်းရေးအတွက် တာဝန်ပေးထားတာဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီး မာဂရာတီယာ ရော့ဘဲက ရုပ်မြင်သံကြားတစ်ခုနဲ့ အင်တာဗျူးမှာ သူမရဲ့ စစ်သားတွေဟာ လူအိုရုံတွေကို အရောက်မှာ တချို့က လုံးဝကို လျစ်လျူရှုခံရပြီး တချို့ကတော့ သူတို့အိပ်ရာတွေပေါ်မှာ သေဆုံးနေကြတယ်။ အခုလိုမျိုး အဖိုးအဖွားဆက်ဆံတာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ် လို့ပြောပါတယ်။ အခုဖြစ်စဉ်ကို စုံစမ်းဖို့ လုပ်ဆောင်သွားမှာလို့ သိရပါတယ်။

 

မက်ဒရစ်ရှိ Ice Palace ရှော့ပင်းစင်တာမှာ ယာယီရေခဲတိုက်အဖြစ်ပြောင်းလဲပြီး သေဆုံးသူတွေကို လက်ခံထားကြောင်း မက်ဒရစ်မြို့တော်ခန်းမရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ မြို့တော်ရှိ သုဿာန် ၁၄ ခုရှိ ဝန်ထမ်းတွေမှာ ကာကွယ်ရေးပစ္စည်းမရှိတဲ့အတွက် လူသေအလောင်းတွေ လက်ခံတာကို ရပ်ဆိုင်းလိုက်ကြောင်း အစောပိုင်းက မက်ဒရစ်မြို့တော်ခန်းမက ကြေညာပါတယ်။

 

၂၄ နာရီအတွင်းမှာ သေဆုံးသူ ၄၆၂ ဦးရှိတဲ့အတွက် စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ကြောင့် သေဆုံးသူ ၂၁၈၂ဦး ရှိပြီး စပိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား- AFP