ရှင်နော်

 

 

နေ့ရက်တစ်ရက်၏ နံနက်ခင်းကို စတင်လိုက်တိုင်း ရန်ကုန်မြို့ လမ်းမများထက်တွင် လူသွား လူလာတို့က တစ်စတစ်စ များပြားလာလေ့ရှိသည်။ ထိုသို့ သွားလာနေကြသော ရန်ကုန်လူထု အပေါင်းတို့တွင် လူငယ်လူရွယ်တို့က အများဆုံးဖြစ်သည်။ ခိုင်မာသော ယုံကြည်ချက်ကို ဆုပ်ကိုင်ထားဟန်ရှိသော အားမာန်အပြည့် မျက်နှာတို့က ရန်ကုန်မြို့အနှံ့ အမြဲတစေ တွေ့ရလေ့ရှိသည်။ ရန်ကုန်မြို့တော်ကြီးကို သာယာလှပသော ခေတ်မီမြို့တော်တစ်ခုအဖြစ် တည်ဆောက်ကြရာတွင် လူငယ်လူရွယ်တို့၏ ခွန်အားများသည် လွန်စွာမှပင် အသုံးဝင်လှပေသည်။

 


ရန်ကုန်လူငယ်ထုအကြား စိမ့်ဝင်ပျံ့နှံ့

 


ထိုသို့ မိမိရပ်ရွာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားကောင်းများဖြင့် အထောက်အပံ့ပြုနိုင်သည့် လူငယ်လူရွယ်များကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် မူးယစ်ဆေး ပြဿနာကလည်း ရန်ကုန် လူငယ်ထုအကြားတွင် စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ မကြာခဏ ဆိုသလို မူးယစ်ဆေး ဖမ်းဆီးရမိသော သတင်းများကို တွေ့ရတတ်လေ့ရှိသည်။ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ရန်ကုန် ပြန်လည်ထူထောင်ရေး စခန်း၌ ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသော မူးယစ်ဆေးဖြတ်ပြီးသူများအား စခန်းအခြေပြု ပြန်လည် ထူထောင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မူးယစ်ဆေးပြဿနာသည် ရန်ကုန်တိုင်းဒေသကြီး၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်နေသော အန္တရာယ်တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်များ မူးယစ်သံသရာထဲမှ ရုန်းမထွက်နိုင်ပါက ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များစွာ ဆုံးရှုံးလာနိုင်ကြောင်း၊ မူးယစ်ဆေးစွဲနေသူ လူငယ်များအား ပြန်လည်ထူထောင်ရေး သင်တန်းများ တိုးမြှင့်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

 


ဥပဒေကို ပြန်လည်သုံးသပ်နေ

 


မူးယစ်ဆေးသုံးစွဲမှုကြောင့် မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ ယုံကြည်မှု ကျဆင်းလာပြီး လူအများ၏ ရှောင်ခွာမှုကို တွေ့ကြုံရမည်ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရာတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဖြစ် မူးယစ်ဆေးစွဲသူများကို ကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန်၊ ပရဟိတ အဖွဲ့အစည်းများ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည် ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အမျိုးသား မူးယစ်ဆေးဝါး  ထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြန်လည် သုံးသပ်နေသော ကာလဖြစ်သည်။

 


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်

 


ထို့အတူ ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေပုဒ်မ ၁၅ အရ မူးယစ်ဆေးသုံးစွဲသူများကို အပြစ်ပေးသော လုပ်ငန်းများကို ပယ်ဖျက်လိုက်သော်လည်း မူးယစ်ဆေး သုံးစွဲခဲ့သူများမှာ ပြစ်ဒဏ်များကျခံနေရဆဲ ဖြစ်သည်။ အကျဉ်းထောင်နှင့် အချုပ်ခန်းများတွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် အရေးယူခံရခြင်း များပြားနေဆဲဖြစ်သည်။ ရန်ကုန်ပြန်လည် ထူထောင်ရေးစခန်း၌ ကျင်းပသော စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ဆင်းပွဲ (၁/၂၀၁၉)၌ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မူးယစ်ဆေးဖြတ်ပြီးသော သင်တန်းသားများနှင့် တွေ့ဆုံရာတွင် “အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာရင် ဘာမဆို လုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ရှိရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ အရာရာကို စွမ်းဆောင်နိုင်တယ်။ ပြန်လည်ထူထောင်ရေးဆိုတာ အလွန်အရေးကြီးတဲ့ လုပ်ငန်းပါ။ မူးယစ်ဆေးဝါးအန္တရာယ် ဘယ်လောက် ကျရောက်နေတယ်ဆိုတာ သင်တန်းသားတွေက ပိုသိတာပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်ကွက်တွေမှာ စိတ်မကောင်းဖွယ်ရာ တွေ့နေရတာတွေက တချို့ကလေးတွေဆို စိတ်မမှန်တဲ့ အဆင့်တွေ ရောက်နေတာတွေ့ရတယ်။ ပြဿနာတွေက အများကြီးပဲ။ တိုင်းပြည်ဆင်းရဲမှုရဲ့နောက်မှာ လူတွေက စီးပွားရေး အလွယ်လုပ်တာတွေ ဖြစ်လာတယ်။ သင်တန်းလာတဲ့ ညီအစ်ကို မောင်နှမတွေလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ဖို့လိုတယ်။ ကိုယ်လူထုထဲ ပြန်ပြီးဝင်ဆံ့ဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက စွမ်းဆောင် ပေးကြတာ။ တစ်ကြိမ်တစ်ခါမှာတော့ လူဆိုတာ ဖြစ်တတ်တာပဲ။ ဒါပေမယ့် ဒီဟာကို ကျော်လွန်သွားနိုင်မယ်ဆိုရင် ကိုယ်အောင်မြင်မှု အကြီးကြီးရသွားတာပဲ” ဟု ပြောသည်။

 


ပညာရပ်များ သင်ကြား

 


ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သော စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၁/၂၀၁၉)ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက် မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ သုံးလကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား ၂၀ တက်ရောက်ခဲ့သည်။ သင်တန်းတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ပေးမှုများသာမက အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း သင်ကြားပေးခဲ့သည်။

 


သင်တန်းပို့ချရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြင်ပမှ အသိပညာရှင်၊ အတတ် ပညာရှင်များပါ လာရောက်၍ စိတ်ခွန်အား ဖြစ်စေမည့် စကားဝိုင်းများ၊ စာဖတ်ဝိုင်းများပါ ဖြည့်စွက် ပို့ချခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပြီးသူများအား စခန်းရှိ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများက တစ်လတစ်ကြိမ် အိမ်တိုင်ရာရောက် သွားရောက်ကာ နောက်ဆက်တွဲ စောင့်ရှောက် ရေးလုပ်ငန်းများကို တစ်နှစ်အထိ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်သည်။

 


“ကျွန်မတို့က သက်ဆိုင်ရာ အစိုးရအသိ အမှတ်ပြုဆေးရုံ၊ ဆေးခန်းမှာ အနည်းဆုံး နှစ်ပတ်ဆေးဖြတ်ပြီးတဲ့ သင်တန်းသားတွေကို လက်ခံပါတယ်။ သူတို့ရဲ့ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးဖို့အတွက် ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းထည့်ပေးပါတယ်။ ဆေးဖြတ်ပြီးခါစမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာတယ်။ မိသားစုနဲ့ရော ပတ်ဝန်းကျင်နဲ့ပါ သင့်တင့်အောင်၊ အဆင်ပြေအောင် စိတ်ပိုင်း ဆိုင်ရာတွေကို အဓိကထားပြီး ပြန်လည်ထူထောင်ရေးလုပ်ပေးတာပါ” ရန်ကုန် ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေ လှိုင်က ပြောသည်။

 


ပြန်လည်ထူထောင်ရေးစခန်းများဖွင့်

 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မူးယစ်ဆေး ဖြတ်ပြီးသူများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်၊ မြဝတီ၊ ကော့သောင်းတို့တွင် ပြန်လည်ထူထောင်ရေး စခန်းများ ဖွင့်လှစ်ထားသည်။

 

လူငယ်များအနေဖြင့် မိမိအသက်အရွယ် အတွေ့အကြုံအရဖြစ်စေ၊ အပေါင်းအသင်း ခင်မင်မှုကြောင့်ဖြစ်စေ တစ်ကြိမ်တစ်ခါ အမှားကျူးလွန်မိခြင်း ရှိနိုင်သော်လည်း ထို အမှားတစ်ခုကို ဘဝတစ်သက်တာလုံး  လက်တွဲခေါ်ဆောင်သွားရန် မလိုအပ်ပေ။ အပြစ်ရှိသော အမှားတစ်ခုကို အချိန်မီ လက်တွဲဖြုတ်ရန်သာ အရေးကြီးပေသည်။ ထို့ကြောင့်ပင် ရန်ကုန်မြို့တော်ရှိ လူငယ် လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကို သတိထားရှောင်ရှားကာ မိမိတို့၏ ပင်ကို စွမ်းအားအရင်းအမြစ်များကို အသုံးချ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်အားဖြည့်နိုင် ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း