ပင့်ကူလူသားဇာတ်ကောင်ကို နှုတ်ဆက်ဖို့ရာရှိကြောင်း တွမ်ဟော်လန်း ဆို

ထင်ရှားတဲ့ လူစွမ်းကောင်းဇာတ်ကောင်တစ်ခုဖြစ်တဲ့ ပင့်ကူလူသားအဖြစ် မင်းသား တွမ်ဟော်လန်းက လက်ရှိမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ သူ့ရဲ့ ပင့်ကူလူသားရုပ်ရှင်သစ်တွေကို ပရိသတ်တွေ အနေနဲ့ ထပ်မံမြင်တွေ့ရဦးမှာဖြစ်ကြောင်း ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက မကြာသေးမီက အတည်ပြု ခဲ့ပေမယ့် မင်းသားကတော့ သူ့အနေနဲ့ အဆိုပါဇာတ်ကောင်ကို နှုတ်ဆက်ဖို့ရာ ရှိနေတဲ့အတွက် ခံစားရ ကြောင်း လတ်တလောမှာ ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တွမ်ဟော်လန်းဟာ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း ပင့်ကူ လူသားဇာတ်ကောင်ကို ပုံဖော်နေတဲ့ မင်းသားတစ်ဦးပါ။ ဆိုနီရဲ့ ထုတ်လုပ်သူဖြစ်တဲ့ အေမီပါစကယ်က မာဘယ်နဲ့ တွဲဖက်ကာ တွမ်ဟော်လန်းရဲ့ Spider-Man ရုပ်ရှင်သစ်ဖန်တီးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟော်လန်းက သယ်ဆန်းသတင်းစာနဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နောက်ဆုံးရိုက်ကူးထားတဲ့ ပင့်ကူလူသားရုပ်ရှင် Spider-Man: No Way Home ဟာ သူ့အတွက် နောက်ဆုံးရုပ်ရှင် ဖြစ်လာဖွယ်ရှိကြောင်း၊ ဒါ့အပြင် အဆိုပါရုပ်ရှင်မှာ တွဲဖက် သရုပ်ဆောင်ခဲ့ကြတဲ့ ဇန်ဒါယာ၊ ဂျက်ကော့ဘန်တာလန်နဲ့အတူ သူတို့သုံးဦးရဲ့ တွဲဖက် သရုပ်ဆောင်မှု ကိုလည်း ထပ်မံမြင်တွေ့ရဖို့ရာ မသေချာဘူးလို့ ဆိုပါတယ်။

အေးပြည့်