နောင်တရား၊   ၁၆   ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာအတွက် ပြောင်းခြွေစက် ရှစ်လုံးနှင့် အင်ဂျင်စက် ရှစ်လုံးကို ဒီဇင်ဘာ  ၁၆ ရက် နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ ဆောင်းပေါင်ကျေးရွာတွင် ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများအတွက် ထောက်ပံပေးမည့် ပြောင်းခြွေစက်နှင့် အင်ဂျင်စက်များကို  အကျိုးရှိစွာအသုံးပြုဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက မိမိတို့ဒေသ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းမှ ရေရှည်တည်တံ့ ခိုင်မြဲသော စီးပွားရေးသို့ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်၍ မယ့်ဖါးလုံဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် တောင်သူများသို့ ပြောင်းခြွေစက်နှင့် အင်ဂျင်စက်များ ထောက်ပံ့ပေးအပ်ခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ 

ထို့နောက် အစေ့ထုတ်ပြောင်းစိုက်ပျိုးထားသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ရှစ်ရွာအတွက် ပြောင်းခြွေစက် ရှစ်လုံးနှင့် အင်ဂျင်စက် ရှစ်လုံးကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေးအပ်ပြီး ကျေးရွာတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ အဆိုပါစက်တစ်စုံ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၂၄၈၀၀၀၀ ရှိကြောင်း သိရသည်။

ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းဒေသဖြစ်သည့် ပေါ့အင် ကျေးရွာ အုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်း CP အစေ့ထုတ်ပြောင်း  (၁၅၈၅)ဧက စိုက်ပျိုး အောင်မြင်ခဲ့ကြောင်း မယ့်ဖါးလုံဖောင်ဒေးရှင်းမှ သိရသည်။

ခွန်အောင်(နောင်တရား)