ပင်လောင်း ၂၉ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အာလူးသီးနှံ GAP ဧက(၁၀၀၀)အတွက် အာလူးစိုက်ပျိုးတောင်သူများအား သဘာဝမြေဩဇာနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ထာမော့ကျေးရွာ အာလူးစံပြစိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။
“အဓိက ပင်လောင်းမြို့နယ်မှ GAP ဧက(၁၀၀၀) အာလူးစိုက်ခင်းကို ကိုဗစ်-၁၉ အကျပ်အတည်းကာလ မတိုင်ခင်က လုပ်လာသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဒီလိုလုပ်ငန်းစဉ်များနည်းတူ ရှမ်းပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးမှ သက်ဆိုင်ရာမြို့နယ်အလိုက်၊ ဒေသများအလိုက် စိုက်ပျိုးတဲ့သီးနှံများ GAP လက်မှတ်ရရှိသည်အထိ စိုက်ပျိုရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံးပြီးတော့ စိုက်ပျိုးထုတ်လုပ်ဖို့ ဧက ရာထောင်ချီတဲ့ ဒီလိုစိုက်ခင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်၊ GAP နဲ့ ပတ်သက်သည့် သိသင့်သိထိုက်တဲ့အချက်များကို တောင်သူများအား ပညာပေး၊ ဟောပြော၊ ဆွေးနွေးမှုပြုလုပ်ပြီး တောင်သူများ၏ လိုအပ်တဲ့နည်းပညာအခြေခံ သွင်းအားစုတွေ ပံ့ပိုးသည့်လုပ်ငန်း များကို စိုက်ပျိုးရေးဦးစီးဌာနမှ အစဉ်တစိုက် လုပ်လာတာဖြစ်ပါတယ်၊ ဒီကနေ့ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝ မြေဩဇာများကို တောင်သူများရဲ့လိုအပ်ချက် အပြည့်အဝမပေးနိုင်သော်လည်း နည်းပညာလိုအပ်ချက်အရ ပံ့ပိုးရတာ ဖြစ်ပြီး ကျန်တဲ့လိုအပ်ချက်တွေကတော့ ဒီလိုသဘာဝမြေဩဇာကို ဒီလိုသုံးသင့်တယ်ဆိုတဲ့ နည်းပညာကို တောင်သူများရသွားရင် တောင်သူများက သက်ဆိုင်ကုမ္ပဏီများ၊ အရောင်းဆိုင်များနှင့် ဆက်စပ်ပြီး ဝယ်ယူနိုင်အောင် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က ပြောသည်။
“စိုက်ခင်းက ထာမော့စိုက်ခင်းဖြစ်ပြီး ကျွန်တော်စိုက်တဲ့မျိုးက Kufri juoti အိန္ဒိယ အာလူးမျိုးဖြစ်ပါတယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကျွန်တော်တို့ကို စိုက်ခင်းထဲထည့်ရမယ့် မြေဩဇာအချိုး၊ ပင်ကြား/တန်းကြား၊ ဖျန်းရမယ့် ဆေးတွေ၊ ဓာတုဆေးလျော့ချတဲ့စနစ်တွေ စိုက်ပျိုးရေးနည်းပညာများပါပံ့ပိုးပေးပါတယ်”ဟု အာလူးစိုက်ပျိုးသည့် ဦးခွန်ဖုန်းနိုင်က ပြောသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်နှင့် တာဝန်ရှိသူများက အာလူးစိုက်ပျိုးတောင်သူများအား တစ်ဦးချင်းစီ သဘာဝမြေဩဇာနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
ပင်လောင်း


