ပင်လောင်း ၂၀ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နန်းတုတ်ကျေးရွာအုပ်စု၊ ဟိုဖယ်ကျေးရွာတွင် ဘက်စုံအဆင့်မြှင့်နည်းပညာသုံး စံပြကျေးရွာ စံပြစိုက်ခင်းကြီးများအတွက် တောင်သူများအား မိုးစပါးမျိုးစေ့နှင့် သဘာဝမြေဩဇာများ ပေးအပ်ပွဲကို မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲက စံပြစိုက်ခင်း၌ ပေးအပ်ခဲ့သည်။
“၂၀၂၀ ပြည့်နှစ် နန်းတုတ်ကျေးရွာအုပ်စု၊ ဟိုဖယ်ကျေးရွာမှာ ဆောင်ရွက်တဲ့ ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာ စပါးစိုက်ဧက ၃၂၀ ဒသမ ၂၂ ဧကစာအတွက် တောင်သူ (၁၄၀)ဦးတို့ကို သဘာဝမြေဩဇာနှင့် မျိုးကောင်းမျိုးသန့် စပါးမျိုးများအား မျိုးလိုအပ်ချက်၊ သွင်းအားစု၊ ရင်းနှီးမြှုပ်နှံရန် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်ရန်နှင့် COVID-19 ကူးစက်ရောဂါကာလ နောက်ဆက်တွဲ အခက်အခဲပြဿနာများကို ကူညီသောအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်တဲ့ အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် မျိုးစေ့နှင့် သဘာဝမြေဩဇာ သွင်းအားစုများ ကူညီထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နိုင်ထံမှ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်နိုင်နှင့် ဒုတိယဦးစီးမှူး ဦးမြင့်သန်း၊ လက်ဖက်ဥယျဉ်ခြံမှ ဦးစီးမှူး ဦးတင်ကိုဦးတို့က မိုးစပါးမျိုးစေ့နှင့် သဘာဝမြေဩဇာများအား တောင်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)


