နောင်တရား၊ ၁၅ ဇန်နဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု၊ မြင်းမထိဝါးပြုံးကျေးရွာ၌ ဈေးကွက်အခြေအနေကြောင့် ထောပတ်ဥယျာဉ်ခြံ စိုက်ပျိုးသူများတွင် နိုင်ငံခြားမျိုးကို ရွေးချယ်ကိုင်းဆက်လာကြောင်း သိရသည်။
ဒေသမျိုးများမှာ ကိုင်းဆက်စိုက်ပျိုးခြင်းမရှိသောကြောင့် နေရာယူခြင်း၊ သက်တမ်းတိုခြင်း၊ မျိုးပြောင်းလဲသွားခြင်းတို့ကို ကြုံတွေ့လာရကြောင်း သိရသည်။
“အစတုန်းကတော့ ဒေသမျိုးကိုပဲစိုက်ထားတယ် ဒေသမျိုးက နေရာယူတယ် အသီးမညီဘူး ဈေးကွက်လိုအပ်ချက်လည်း နည်းတယ် အသီးသီးရင် ပယ်သီးများတာပေါ့ နိုင်ငံခြားမျိုးက အမျိုးမျိုးရှိတယ် ကျွန်တော်ကိုယ်ကြိုက်တဲ့ Hass မျိုးကို ကိုင်းဆက်တာပေါ့ ကိုင်းဆက်ပင်က နေရာမယူဘူး အသီးညီတယ် အပင်ပုတော့ ထောပတ်ရောဂါဖြစ်ရင်လည်း ပြုစုရလွယ်တာပေါ့” ဟု မြင်းမထိဝါးပြုံးကျေးရွာမှ ထောပတ်စိုက်တောင်သူတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်တွင် ထောပတ်အစုအဖွဲ့ကို ဖွဲ့စည်းထားပြီဖြစ်ပြီး အဆိုပါအစုအဖွဲ့ကလည်း နည်းပညာများနှင့် ကိုင်းဆက်ခြင်း လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထောပတ်ကို ပင်လောင်းမြို့နယ်အတွင်း နေရာအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိပြီး ထောပတ်အဝယ်တော်များက ဒေသမျိုးကို တစ်ပိဿာ ကျပ် ၈၀၀ နှင့် နိုင်ငံခြားမျိုးကို တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးဖြင့် ဝယ်ယူနေကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


