ပင်လောင်းမြို့နယ်၌ လက်ရက်လွယ်အိတ်များ အမှာနည်း၍ ရောင်းအားကျနေ

နောင်တရား   ၁၁   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းသောင်းကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများ အသုံးပြုသည့် လက်ရက်လွယ်အိတ်များ မှာယူမှု နည်းပါးပြီး ရောင်းအားကျဆင်းနေလျက်ရှိကြောင်း လက်ရက်ကန်းရက်လုပ်သူတစ်ဦးထံမှ သိရသည်။

 

“လွယ်အိတ်ကို အရွယ်ရောက်ကတည်းက ရက်လုပ်နေတာပါ အခုလည်း လုပ်နေတုန်းပဲ နေ့တိုင်းအိမ်မှာနေပြီး လွယ်အိတ်ပဲ ရက်လုပ်ဖြစ်နေတယ် အမှာရှိရင် လွယ်အိတ်အပြင် ခေါင်းပေါင်းနဲ့ ပိုးစောင်တွေလည်း ရက်ပါတယ်’’ ဟု မြင်းသောင်း ကျေးရွာနေ နန်းခမ်းရင်က ပြောသည်။ တစ်ရက်လျှင် လွယ်အိတ်တစ်လုံးသာ ရက်လုပ်နိုင်ပြီး လွယ်အိတ်အရွယ်အစားပေါ် မူတည်၍ ကျပ် ၂၅၀၀မှ ကျပ် ၈၀၀၀ အထိ ရောင်းချရကြောင်း ၎င်းကဆိုသည်။

 

ပွင့်လင်းရာသီကာလတွင် ပွဲလမ်းသဘင် များပြားသောကြောင့် လွယ်အိတ်အမှာ များပြားပြီး မနားမနေ ရက်လုပ်ခဲ့ရသော်လည်း ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းကို ခွင့်မပြုသောကြောင့် လွယ်အိတ်မှာယူမူ နည်းပါးပြီး လွယ်အိတ်အသေးတစ်လုံးကို အများဆုံး ငွေကျပ် ၂၀၀၀ အထိသာ ရောင်းချနေရကြောင်းသိရသည်။

 

အဆိုပါ လက်ရက်လွယ်အိတ်များကို ပအိုဝ်းတိုင်းရင်းသားများက ပွဲလမ်းသဘင်များ၊ ရိုးရာအက ပဒေသာပွဲများတွင်လည်းကောင်း၊ ဈေးရောင်းဈေးဝယ်များတွင်လည်းကောင်း အသုံးပြုကြကြောင်း သိရသည်။

 

မြင်းသောင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိပြီး လက်ရက်ကန်းလုပ်ငန်းကို လူကြီးလူငယ်အားလုံး ရက်လုပ်တက်ကြပြီး လွယ်အိတ်အမှာ နည်းပါးလာခြင်းကြောင့် လွယ်အိတ်ရက်လုပ်ခြင်းကို ရပ်နားထားပြီး နေ့စားခေါ်သည့် လယ်ယာလုပ်ငန်းများကိုသာ နေ့စားလိုက် နေရကြောင်းသိရသည်။

 

ခွန်အောင်(နောင်တရား)

 

mdn