ပင်လောင်း၊ ၂၇  ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပင်လောင်း မြို့နယ် ကောင်လှိုင်းကျေးရွာတွင် အစေ့ထုတ်ပြောင်းကို အများဆုံးစိုက်ပျိုးကြပြီး ပြောင်းခူးဆွတ်ချိန်ကာလတွင် ဒေသခံပြည်သူများအနေဖြင့် မိသာစုဝင်ငွေများ ပုံမှန်ရရှိကြကြောင်း သိရသည်။

အဆိုပါ အစေ့ထုတ်ပြောင်းများကို မိုးဦးရာသီဖြစ်သည့် ဇွန်လ၌ စတင်စိုက်ပျိုးကြရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ခူးဆွတ်ခြွေလှေ့ကြပြီး ပင်လောင်းမြို့နယ် နောင်ဝိုး အဝယ်ဒိုင်သို့ တင်ပို့ရောင်းချကြရကြောင်း၊ အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၄၀၀ ဝန်းကျင်ဖြင့် ရောင်းချကြရကြောင်း၊ ခူးဆွတ်ခြွေလှေ့သည့် ကာလဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် မိသာစုဝင်ငွေများ ပုံမှန်ရရှိကြကြောင်း သိရသည်။

“အစေ့ထုတ်ပြောင်း မျိုးစေ့ ၅ ကီလို တစ်ထုပ်စိုက်လျှင် ပိဿာချိန် ၃၀ ဆံ့ ၃၅ အိတ် ဝန်းကျင် ထွက်ရှိပါတယ်၊ အစေ့ထုတ်ပြောင်း မျိုးစေ့တစ်ထုပ်ကို ငွေကျပ် ၄၃၀၀၀ နဲ့ ဝယ်ယူရပါတယ်၊ စိုက်စတုန်းက မိုးနည်းတော့ အပင်သိပ်မအောင်ဘူး၊ ဒါ့ကြောင့်လည်း တစ်ထုပ်ကို ၃၅ အိတ် ဝန်းကျင်ပဲ ထွက်တာပေါ့၊ အရင်တုန်းကတော့ အိတ် ၄၅၊ ၅၀ ခန့်မှန်းထားပေမယ့် မိုးနည်းတော့ မတတ်နိုင်ဘူးလေ၊ တစ်ပိဿာကို ၄၀၀ ဝန်းကျင်နဲ့ ရောင်းရတော့ တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀ ဝန်းကျင်ရပေမယ့် ခြွေလှေ့စရိတ်နဲ့ သယ်ယူပို့ဆောင်ခ တစ်အိတ်ကို ကျပ် ၁၀၀၀ ကုန်ကျတော့ မိသားစုဝင်ငွေတော့ အများကြီးမရပေမယ့် ပုံမှန်တော့ရပါတယ်” ဟု ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရဲမင်းပိုင်(ပင်လောင်း)