ပင်လောင်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် Local Semi-Lockdown ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် စစ်ဆေးရေးအဖွဲ့(၂)တွင် ပါ၀င်သည့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် လ.ဝ.ကရုံး၊ မြို့နယ်အား/ကာဦးစီးဌာန၊ မြို့နယ်စီမံကိန်းရုံးမှ တာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးဆိုင်များ၊ ခရီးသွားပြည်သူများအား Local Semi-Lockdown ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီး သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှုမရှိပါက စျေးရောင်းချခွင့် ယာယီရပ်ဆိုင်းခြင်းများ၊ ခရီးသွားလာရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ လည်းကောင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေးခဲ့ကြသည်။ ပင်လောင်းမြို့နယ်အတွင်း အဆိုပါ Local Semi-lockdown ကာလအား နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။ 

ထွန်းလင်း(ပင်လောင်း)