ပင်လောင်း  ၂၅    ဧပြီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နံနက်ပိုင်းက ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနရှေ့  စစ်ဆေးရေးစခန်းတွင် တာဝန်ရှိသူများမှ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးပြီး ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်း၊ နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် ပင်လောင်းမြို့အဝင်၌ မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ ခရီးသွားပြည်သူများအား “နေ့သစ်”(ပညာရေး)ပရဟိတအဖွဲ့မှ လှူဒါန်းသည့် Mask များ အခမဲ့တပ်ဆင်ပေးခြင်း နှင့် မော်တော်ယာဉ် ဂိတ်များတွင် ယာဉ်မောင်းများအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်များဖြစ်သည့် ယာဉ်မောင်းတိုင်း Mask တပ်ဆင်မောင်းနှင်ခြင်း၊ ယာဉ်ပေါ် အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောခြင်း၊ ခရီးသည် တင်ယာဉ်ဖြင့်ပါက ခရီးသည်များကို Mask တပ်ဆင်ခြင်း၊ ယာဉ်ပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်များ နေရာယူရာ၌ သတ်မှတ်အကွာအဝေး ရှိစေခြင်း၊ မော်တော်ယာဉ်များ တစ်ခေါက်ပြေးဆွဲပြီးတိုင်း မော်တော်ယာဉ်အား ပိုးသတ်ဆေးဖျန်းရန်တို့ကို အသိပညာပေး ဆောင်ရွက်သွားခဲ့သည်။ 

 

အဆိုပါ လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)