ပင်လောင်း နိုဝင်ဘာ ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာလျက်ရှိသောကြောင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ အောက်တိုဘာ ၃၁ ရက်တွင် အမိန့်အမှတ် (၁/၂၀၂၁)ဖြင့် မြို့နယ် နယ်နိမိတ်ဧရိယာအတွင်း Local Semi-Lockdown ကာလအား နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်ထိ ထုတ်ပြန်သတ်မှတ်ခဲ့သည်။

 

Local Semi-Lockdown ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပိုမိုစိတ်ချလုံခြုံမှုရှိစေရန်အတွက် နို၀င်ဘာ ၁၄ ရက်တွင် အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် Local Semi-Lockdown  ကာလအား နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်အား ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်စေရန်အတွက် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြ အသိပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင် Local Semi-Lockdown ကာလ ထုတ်ပြန်သတ်မှတ်ခြင်း ကြေညာချက်တွင် ပါရှိသည့် အချက်(၁၄)ချက်အား ပြည်သူများအား သိရှိလိုက်နာကြရန်နှင့် လိုက်နာမှုမရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ စီမံခန့်ခွဲရေးနည်းလမ်းအရ လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရလည်းကောင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒအရ လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်း ဆော်သြခဲ့သည်။

 

ထွန်းလင်း(ပင်လောင်း)