ပင်လောင်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိမြို့နယ်များတွင် ဖွင့်လှစ်ထားသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသား များနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကိုထုတ်ပေးရန် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ပန်းခင်း စီမံချက်ဖြင့် ၁၈ လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်တွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးကိုလည်း ပင်လောင်းမြို့နယ်ဦးစီးမှူးရုံး၌ ရုံးပိတ်ရက်များတွင်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သိရှိလိုသည်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရာတွင် အဆင်မပြေမှုများ ရှိပါက ပင်လောင်းမြို့နယ်အတွက် Call Center (၀၉-၈၉၆၉၇၉၀၉၅)သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


