မောင်စာဂ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များထဲတွင် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို နှစ်အလိုက်ထုတ်ပြန်ခြင်းနှင့် ငါးနှစ်တာ တရားစီရင်ရေးမဟာဗျူဟာများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းတို့သည် အဓိကပင်မကျသည်ဟု တွေးထင်ယုံကြည်မိသည်။ လေ့လာသိရှိရသမျှ အနှစ်ချုပ်မျှဝေပါရစေ။

 

တရားရုံးနှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၈ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ်ထုတ်ပြန်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တရားရုံးအစီရင်ခံစာကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ် တရားရုံးအစီရင်ခံစာကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်းတွေ့ရသည်။

 

အစီရင်ခံစာပါဖော်ပြချက်များ

ရည်မှန်းချက်အဖြစ် လူတိုင်းသို့ အရည်အသွေးမြင့်တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူ၍ အချက်နှစ်ချက်ကို ဖော်ပြထားသည်။လုပ်ငန်းတာဝန်များအဖြစ် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြုတရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီမှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ဂုဏ်သိက္ခာမြှင့်တင်ရေးဟူ၍ အချက်လေးချက်ကိုဖော်ပြထားသည်။

တရားရုံးတန်ဖိုးများအဖြစ် သာတူညီမျှမှုနှင့် တရားမျှတမှု၊ တရားစီရင်ရေးလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိမှု၊ လက်လှမ်းမီနိုင်မှု၊ မြန်ဆန်ထိရောက်မှုနှင့် အချိန်မီဆောင်ရွက်နိုင်မှုဟူ၍ အချက်လေးချက်ကို ဖော်ပြထားသည်။

တရားရုံး နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်အဖြစ် တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတ ကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိလာစေရန်ဟူ၍ ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်ချက်များအဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ ငါးနှစ်တာစီမံကိန်း (၂၀၁၈-၂၀၂၂) ရေးဆွဲခြင်း၊ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်း တရားရုံးများတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တရားရုံးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ တရားစီရင်ရေး၏ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တရားသူကြီးများအတွက် တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများ တိုးတက်လာစေရန် ဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာ သီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှပစိဖိတ်တရားရေးညီလာခံ ပြုလုပ်ခြင်းစသော လုပ်ငန်းများကို ဖော်ပြထားသည်။

မှုခင်းများ စစ်ဆေးစီရင်ခြင်းနှင့်စပ်လျဉ်း၍ ပြက္ခဒိန်နှစ်အလိုက် အမှုပြီးပြတ်မှုနှုန်း၊ ဆုံးဖြတ်ပြီး အမှုများ၏သက်တမ်း၊ စစ်ဆေးဆဲအမှုများ၏သက်တမ်း၊ အယူခံတက်ရောက်မှုနှုန်း၊ မှုခင်းပမာဏနှင့် တရားသူကြီးများ၏ ဆောင်ရွက်မှု၊ အရေးကြီးရာဇဝတ်မှုအမျိုးအစားအလိုက် ခွဲခြားဖော်ပြခြင်း၊ ၂၀၁၈ ခုနှစ် မှုခင်းစစ်ဆေးစီရင်မှုတွင် တွေ့ရှိချက်များနှင့် ၂၀၁၉ ခုနှစ်တွင်ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များကိုပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းများရေးဆွဲချမှတ်ခြင်း

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရေးဆွဲချမှတ်ခဲ့သည်။ ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) သည် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် ဒုတိယမြောက် မဟာဗျူဟာစီမံကိန်းဖြစ်သည်။ သုံးနှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇) ခုနှစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ဆက်လက်ဆောင်ရွက်မည့်စီမံကိန်းဖြစ်သည်။ (၂၀၁၈-၂၀၂၂) မဟာဗျူဟာစီမံကိန်းသည် မြန်မာနိုင်ငံ တရားစီရင်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အားကောင်းမှုအတွက် အခြေခံဖြစ်သည့် (၂၀၁၅-၂၀၁၇) မဟာဗျူဟာစီမံကိန်း၏ အတွေ့အကြုံနှင့် အောင်မြင်မှုတို့အပေါ် အခြေပြုရေးဆွဲထားကြောင်း တွေ့ရသည်။

 

မဟာဗျူဟာစီမံကိန်းပါ ဖော်ပြချက်များ

ငါးနှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ခုနှစ်သည် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အတွက် မြန်မာ့တရားစီရင်ရေး၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များနှင့်တန်ဖိုးများ၏အဓိပ္ပာယ်တို့ကို သတ်မှတ်ဖော်ပြထားသည်။ ဤမဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် အဆိုပါရည်မှန်းချက်များကို စီမံကိန်း၏ ပန်းတိုင်အဖြစ်လည်းကောင်း၊ လုပ်ငန်းတာဝန်များ ကို ပန်းတိုင်သို့ရောက်ရှိစေမည့် နည်းလမ်းများအဖြစ်လည်းကောင်း၊ တန်ဖိုးများကို တရားစီရင်ရေး စီမံခန့်ခွဲမှုဆောင်ရွက်ရန် လမ်းညွှန်များအဖြစ်လည်းကောင်း ထင်ဟပ်စေလျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

တရားစီရင်ရေး၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရေးအတွက် မဟာဗျူဟာလုပ်ငန်းနယ်ပယ်ငါးရပ်ကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားသည်

-(က) တရားရုံးဝန်ဆောင်မှုများ၊ အများပြည်သူလမ်းလှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊

(ခ) အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်၊

(ဂ) တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရန်၊

(ဃ) တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကိုမြှင့်တင်ပေးရန်

(င) ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ် တို့ကိုတိုးမြှင့်ဆောင်ရွက်ရန်။

 

မဟာဗျူဟာဦးစားပေးအစီအစဉ်

ငါးနှစ်တာမဟာဗျူဟာစီမံကိန်းသည် မဟာဗျူဟာလုပ်ငန်းနယ်ပယ်ငါးရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နောင်လာမည့်ငါးနှစ်တွင် ဆောင်ရွက်မည့် မဟာဗျူဟာရည်မှန်းချက် ၁၆ရပ်၊ အစီအစဉ် ၃၉ ရပ်တို့ကို တိတိကျကျသတ်မှတ်ဖော်ပြထားသည်။ ထို့ပြင် မဟာဗျူဟာအစီအစဉ်များနှင့် ရလဒ်တိုင်းတာချက်များကိုလည်း ဖော်ပြထားသည်။ အဆိုပါမဟာဗျူဟာအစီအစဉ်များ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်ဦးစားပေးအစီအစဉ်များ သတ်မှတ်ရာ တွင် ချက်ချင်းလုပ်ဆောင်ရမည့် လိုအပ်ချက်များ၊ ၂၀၁၇ ခုနှစ် လုပ်ငန်းအစီအစဉ်ပါ ဆက်လက်လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များနှင့် အရင်းအမြစ်ရရှိနိုင်မှုတို့အပေါ် အခြေခံထားသည်။ အောက်ပါအတိုင်း ဦးစားပေးအဆင့်သတ်မှတ်ထားသည်

ဦးစားပေးအဆင့် ၁ ။ ၂၀၁၈ ခုနှစ်တွင် ချက်ချင်းလုပ်ဆောင်ရန် အထူးအရေးကြီး မဟာဗျူဟာအစီအစဉ်များ၊

ဦးစားပေးအဆင့် ၂ ။ ၂၀၁၉ သို့မဟုတ် ၂၀၂၀ ပြည့်နှစ်တွင် ရရှိနိုင်မည့် အရင်းအမြစ်များအရ အကောင်အထည်ဖော်မည့် ထိပ်တန်းဦးစားပေး မဟာဗျူဟာအစီအစဉ်များ၊

ဦးစားပေးအဆင့် ၃ ။ ၂၀၂၁ သို့မဟုတ် ၂၀၂၂ ခုနှစ်တွင် ရရှိနိုင်မည့် အရင်းအမြစ်များအရ အကောင်အထည်ဖော်မည့် အလယ်အလတ်အဆင့် ဦးစားပေးအစီအစဉ်များ၊

 

ပြည်ထောင်စုတရားသူကြီးချုပ်၏ ဥယျောဇဉ်

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲရခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က ၎င်း၏ဥယျောဇဉ်တွင် ပြည်သူလူထု၏ဖြစ်ပေါ်လျက်ရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ဆိုသော ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲခဲ့သည်ဟူ၍ ဖော်ပြထားသည်။

တရားရုံး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က ၎င်း၏ဥယျောဇဉ်တွင် ယင်းသို့ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တရားရုံးနှစ်စဉ်အစီရင်ခံစာများမှတစ်ဆင့် တရားစီရင်ရေးကဏ္ဍနှင့်ပတ်သက်၍ တရားရုံးများ၏ ကြိုးပမ်းအားထုတ်နေမှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိခွင့်ရရှိခြင်းဖြင့် တရားစီရင်ရေးကဏ္ဍ၏ အ္တိမရည်မှန်းချက်ဖြစ်သည့် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေး ဖြစ်ပေါ်လာရေးအတွက် ကြီးစွာသော အထောက်အကူ ဖြစ်လိမ့်မည်ဟုလည်း အခိုင်အမာယုံကြည်မိပေသည်ဟူ၍ ဖော်ပြထားသည်

 

အများမြင်စေရာသည်

တရားစီရင်ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲထိုသို့ အမှန်တရားကိုစီရင်ကြောင်း အများမြင်စေရာသည်ဟူသည့် တရားစီရင်ရေးလမ်းညွှန်ချက်မူတစ်ရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်မောင်ရွှေ(ခ)မောင်ရှေပါ ၂ (၁၉၆၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ၊ ၆၁၆) အမှုတွင် ချမှတ်ဆုံးဖြတ်ခဲ့သည်။ ယင်းလမ်းညွှန်မှုကို ယနေ့အထိတိုင် အထူးအလေးထား၍ လိုက်နာကျင့်သုံးလာခဲ့ကြသည်။ ယခုကဲ့သို့ လက်တွေ့ကျကျ မဟာဗျူဟာစီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်မှုနှင့် နှစ်စဉ် တရားရုံးအစီရင်ခံစာများ ထုတ်ပြန်နိုင်မှုတို့ကြောင့် ယခင်ကထက် ပိုမိုတိုးတက်အောင်မြင်မှု ရရှိလာပြီဖြစ်သည်။

 

ပွင့်လင်းမြင်သာထင်လာချေပြီ

ယခုအချိန်အခါတွင် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိခြင်း၊ တရားရုံးနှစ်စဉ်အစီရင်ခံစာများကို နှစ်အလိုက်ထုတ်ပြန်ပေးလျက်ရှိခြင်းကြောင့် ယနေ့မြန်မာနိုင်ငံတရားစီရင်ရေးသည် ပွင့်လင်းမြင်သာထင်ရှားစွာ တွေ့မြင်နေနိုင်ပြီဟု ဆိုနိုင်သည်။ ပွင့်လင်းမြင်သာထင်ရှားမှု ရှိနေရုံနှင့်မပြီး အများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဆီသို့ အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရပါဦးမည်။ အများယုံကြည်ကိုးစားသည့် တရားစီရင်ရေးဖြစ်ဖို့ဆိုလျှင်အမှုတိုင်း အမှုတိုင်းကို စစ်ဆေးစီရင်ကြရာ၌ တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်နှင့် လွတ်ကင်းမသွားစေဘဲ ဥပဒေနှင့်အညီ အမှန်တရားကို ဖော်ထုတ်ဆုံးဖြတ်ကြရန် လိုအပ်ပါမည်။ဤနေရာတွင် မမှားသောရှေ့နေ၊ မသေသောဆေးသမားဟူ၍ ဆိုရိုးစကားရှိသော်ငြားလည်း မမှားသော တရားသူကြီးဟူ၍ မရှိစကောင်းပါ။ အမှုအခင်းများတွင် အောက်ရုံး၏စီရင်ချက်ကိုအထက်ရုံး အဆင့်ဆင့်က ပြင်ဆင်ရခြင်း၊ တစ်ဖန်အထက်ရုံး အဆင့်ဆင့်၏ စီရင်ချက်ကိုပင်နောက်ဆုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ် ပြင်ဆင်ဆုံးဖြတ်ချက်ချခြင်းတို့ကိုတွေ့ရသည်။ အမှုအခင်းဖြစ်စဉ် ဖြစ်ရပ်အပေါ် ဥပဒေကြောင်းခြင်းရာအရ ဆင်ခြင်သုံးသပ် စီရင်ဆုံးဖြတ်ကြရာတွင် တိမ်းစောင်းချွတ်ချော်မှုမရှိစေရန် အထူးသတိပြုဆောင်ရွက်ကြရမည်သာဖြစ်သည်။ ကောက်ယူမှုလွဲချော်ပါက သုံးသပ်ဆင်ခြင်မှု တိမ်းစောင်းပါက စီရင်ဆုံးဖြတ်မှုမှားယွင်းနိုင်သည်။ မှားယွင်းသော စီရင်ဆုံးဖြတ်ချက်တစ်ခုသည်ပင်လျှင် တရားစီရင်ရေးကြီးတစ်ခုလုံးအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုကိုထိခိုက်လျော့ပါးသွားစေနိုင်သည်။ယနေ့မျက်မှောက်ကာလတွင် ဖြစ်ပေါ်လျက်ရှိသည့် မှုခင်းများ၌ ဥပဒေနှင့်အညီ တရားနည်းလမ်း တကျ မှန်ကန်စွာ စီရင်ဆုံးဖြတ်ခြင်းနှင့် ယင်းသို့အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြောင်း ပြည်သူအများ သိမြင်လာမည်ဆိုလျှင် အများပြည်သူတို့က ယုံကြည်ကိုးစားသော တရားစီရင်ရေး ဖြစ်ထွန်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်းပါဗျာ။

- တရားအမှန်ကိုစီရင်နေကြောင်း အများပြည်သူမြင်တွေ့နိုင်ပါစေ၊

- အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးဖြစ်ထွန်းပေါ်ပေါက်ပါစေ၊

- တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့အရောက်လှမ်းနိုင်ကြပါစေ။ ကြေးမုံ

 

msg