မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က ရှင်းလင်းတင်ပြခြင်းအား နိုဝင်ဘာလ ၂၃ ရက် နံနက်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

 

ယခု အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်မားသည်ဆိုသည်ထက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းရင်းသား ပြည်သူများက စိတ်ဝင်စားမှု ပိုမိုထက်သန်နေသည် ဟုပြောရမည်ဖြစ်သည်။ အကြောင်းမှာ အလွန်ဝေးလံသည့်နေရာမှ အရေးထက် အိမ်နီးချင်း အရေး ၊ အိမ်နီးချင်းအရေးထက် မိသားစုအရေးတို့မှာ ပိုပြီးအရေးကြီးသည်ဖြစ်၍ အရေးကြီးလျှင် သွေးစည်းမည်၊ အရေးကြုံလျှင် သွေးဆုံကြရမည်ဖြစ်ရာ မိမိတို့အရေးအတွက် ဝိုင်းဝန်းပြင်ဆင် အကောင်းဆုံးအဖြေရှာကြမည် ဖြစ်သည်။

 

ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ်တွင် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ထိုလူမျိုးစု၏ တရားဝင် ရပိုင်ခွင့်များကိုပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အား ဆန့်ကျင်သည့် အမုန်းတရားများ ကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစုများကို အစုအဖွဲ့ တစ်ခုအဖြစ် ပစ်မှတ်ထား၍ အစုလိုက်၊ အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများ ကို ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်း၊ ထိုလူမျိုးစုအား လူမျိုးတုံး သတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း စသည်တို့ဖြစ်သည်။

 

ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု၊ ရာဇဝတ်မှု ကာကွယ်ခြင်းနှင့် ပြစ်ဒဏ် ချမှတ်ခြင်းဆိုင်ရာကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၄၈)၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည် ဟူ၍ ဖြစ်သည် ။

 

ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်တွင် မြန်မာနိုင်ငံသည် ပုဒ်မ (၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ)အရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ (၃)၊ အပိုဒ်ခွဲ(ဃ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃) ၊ အပိုဒ်ခွဲ(င) အား ချိုးဖောက်၍ လူမျိုးတုံး သတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ (၁)အရ လူမျိုးတုံး သတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ (၄) နှင့် ပုဒ်မ (၆)တို့အရ လူမျိုးတုံးသတ်ဖြတ်မှုအား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ သို့မဟုတ် ပုဒ်မ (၃)တွင် ပြဋ္ဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်သောပြဌာန်းမှုမရှိခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်၍ တရားစွဲဆိုထားခြင်းဖြစ်ရာ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ် အမှန်တရား၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှု၊ ကုလသမဂ္ဂ၏ပဋိညာဉ် စာချုပ်ကို လိုက်နာမှုတို့ဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိစွာ တုံ့ပြန်ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာ့အလင်း