၁၈ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ နှစ်ဖက်သတင်းများမှာ ကွာဟမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့်ပြည်ပမီဒီယာအများစုမှာ ဒုက္ခသည်များအရေး၊ ရခိုင်ပြည်နယ်ရှိ မူဆလင်ဘာသာဝင်များ အရေးကို ဦးစားပေးဖော်ပြကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် လူမှုအသိုင်းအဝိုင်း နှစ်ဖက်လုံးအရေးကို မှန်မှန်ကန်ကန် မျှမျှတတ ဖော်ထုတ်ပေးနေသည်ကို တွေ့ရပေသည်။ အချို့သော မီဒီယာများအနေဖြင့် တစ်ဖက်အရေးကိုသာ အလေးထားဖော်ပြလျက်ရှိရာ မြန်မာနိုင်ငံ၏ မှန်ကန်စွာဆောင်ရွက်မှုများမှာ နိုင်ငံတကာ အသိုက်အဝန်းကြား၌ အခက်အခဲများစွာ ဖြစ်ပေါ်စေပါသည်။
ယမန်နှစ်က ဖြစ်ပွားပြီးသည့် ရခိုင်ပြည်နယ်အရေး နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသလုံခြုံရေးအခြေအနေကို ရှေးရှုကာမြန်မာနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတကာမှ အကြီးအကဲများ၊ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များ၊ ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများအား ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် နယ်စပ်ဒေသများနှင့် ၎င်းဒေသရှိ ဒေသခံများအား အခါအားလျော်စွာ သွားရောက်လေ့လာမေးမြန်းကြည့်ရှုခွင့် ပြုပေးခဲ့ပေသည်။ သို့ရာတွင် နိုင်ငံတကာအနေဖြင့် လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ လွတ်လပ်စွာ ဝင်ရောက်သတင်းယူခွင့်တို့ကိုသာ တွင်တွင်တောင်းဆိုလျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုဒေသသည် အလွန်အရေးကြီးသော ဒေသဖြစ်သည့်အပြင် လုံခြုံရေးအခြေအနေအရ သင့်တော်သလို သွားရောက်ခွင့်ပြုပေးနေပေသည်။
မကြာသေးမီ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်ထားမှု အခြေအနေများကို နိုင်ငံတကာအသိုက်အဝန်းသို့ တိကျမှန်ကန်သော သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြသည်ကို တွေ့ရပါသည်။
လက်ရှိတွင် နေရပ်မှ စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်ရာ အဆိုပါအခြေအနေများကို ဧည့်သည်များအား လိုက်လံပြသခဲ့သည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်းကို ဖွင့်လှစ်ထားပြီးကုန်းလမ်းမှ ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကို ဖွင့်လှစ်ပေးထားပါသည်။ ထို့အပြင် ဝင်ရောက်လာမည့်သူများ လက်ခံရေးရုံးခန်း၊ ခေတ္တတည်းခိုဆောင်များသာမက လိုအပ်သည့်စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင် ပစ္စည်းများအပြင် အခြားလိုအပ်သော ကိစ္စအဝဝ အားလုံးတို့ကို စီမံဆောင်ရွက်ထားပေသည်။
သို့သော် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များမှာ သတ်မှတ်ရက်မှစ၍ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးချေ။ ယင်းမှာဒုက္ခသည်များနှင့် တစ်ဖက်နိုင်ငံအစိုးရအနေဖြင့် အသင့်မဖြစ် သေးသောအခြေအနေများ ဖြစ်တန်ကောင်း ဖြစ်နိုင်သလို ၎င်းဒုက္ခသည်များနှင့်ပတ်သက်သည့် အခြားအကြောင်းကိစ္စများလည်း ရှိကောင်းရှိနိုင်ပေသည်။ မည်သို့ပင်ရှိသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် ဘာသာမတူ၊ အသားအရောင် လူမျိုးမခွဲခြားဘဲ လူသားအချင်းချင်း စာနာထောက်ထားမှု ရှိစွာဖြင့် ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားသည်ကို တွေ့ရပါသည်။ ယင်းသည် မည်သူမည်သို့ပင်ရှိစေကာမူ မိမိတို့အနေဖြင့် တရားမပျက်သည့်သဘောပင် ဖြစ်သည်။
ယခုကဲ့သို့ နိုင်ငံတကာမှ သံတမန်များ၊ ကိုယ်စားလှယ်များသာမကပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကိုပါ ရခိုင်ပြည်နယ်အတွင်း ပကတိအရှိတရားများနှင့် ဖြစ်ပေါ်တိုးတက်မှုများအား ကွင်းဆင်းပြသပေးခြင်းသည် နိုင်ငံတကာအသိုက်အဝန်းသို့ မှန်ကန်သည့် သတင်းအချက်အလက်များအား မျှဝေအသိပေးစေလိုရင်း ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)