ရိခေါ်ဒါရ် ၇ ဒီဇင်ဘာ     

 

မိုးရာသီကုန်ဆုံး၍  အေးမြချမ်းမြေ့သည့် ဆောင်းရာသီချိန်ခါ ကူးပြောင်းလာပြီး ပွင့်လင်းသာယာသည့် ရာသီရောက်ရှိလာသည်နှင့်အညီ ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခု ဖြစ်သည့် အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်သို့ အပန်းဖြေခရီးဖြင့် ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်သူ များပြားလာကြောင်း သိရသည်။

 

“ကျွန်မကတော့ ရန်ကုန်မြို့က လာတာပါ။ ချင်းတောင်တန်းရဲ့ ဆောင်းတွင်းအေးမြတဲ့ ရာသီဥတုနှင့် သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်လေး ရှူရှိုက်ရတာ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝပေး လက်ဆောင်လေးပါ။ ရိဒ်ရေကန်ဟာဆိုရင် နာမည်ကိုသာ ကြားဖူးပြီး အခုရောက်ရှိလာတာ ပထမဆုံးအကြိမ်ပါ။ ရိဒ်ရေကန်ရဲ့ ကြည်လင်အေးမြတဲ့ ကန်ရေ၊ စိမ်းလန်းစိုပြေသာယာလှတဲ့ သဘာဝတောတောင်များနှင့် တောင်ပေါ် လေကောင်းလေသန့်ရှူရှိုက်ရတော့ စိတ်မှာကြည်နူးပီတိ ဖြစ်မိပါတယ်။ သွားလာရတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကလည်း ထင်တာထက်ကောင်းတယ်။ တောင်ပေါ် လမ်းဆိုတော့ လမ်းအတက်အဆင်း အကွေ့အကောက်တော့ ဆိုးတာပေါ့။ သွားလာရတာ အဆင်ပြေပါတယ်။” ဟု ရန်ကုန်မြို့မှ အပန်းဖြေခရီးဖြင့် ရောက်ရှိလာသူတစ်ဦးက ပြောသည်။

 

“ရိဒ်ရေကန်သို့ အပန်းဖြေခရီးနဲ့ လာရောက်လည်ပတ်လာသူ အများစုကတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ရောက်ရှိလာသူများပါတယ်။ ကျွန်မတို့ ပြည်တွင်းဧည့်သည် အများစုကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အခြားမြို့နယ်က ပြည်သူပြည်သားတွေ များပါတယ်။ တချို့က ညအိပ်ခရီးနဲ့ လာရောက်သူများရှိသလို အနီးအနားမြို့နယ်များက ဆိုရင် နေ့ချင်းပြန်ခရီးနဲ့ လာရောက်ကြသူတွေ လည်းရှိပါတယ်။” ဟု ရိဒ်ကန်သာ စားသောက်ဆိုင်မှ မဇိုးရှမ်မီးက ပြောသည်။

 

ခရစ္စမတ်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ရပ်နီးရပ်ဝေးခရီးမှ မိသားစု၊ အဖွဲ့အစည်း၊ ပညာရေးကျောင်း၊ ကောလိပ်/တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အစုအဖွဲ့များ စသည်ဖြင့် အပန်းဖြေခရီးဖြင့်သော် လည်းကောင်း၊ လေ့လာရေးခရီးဖြင့်သော် လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲဖြင့်သော်လည်းကောင်း၊ ကိုယ်ပိုင်ကားများ၊ အငှားယာဉ်များ ဖြင့် လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)