ခင်ဦး ၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပွင့်လင်းရာသီကာလတွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့ပါက အချိန်နှင့် တစ်ပြေးညီ သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး ထံက သိရသည်။
ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် ကျေးလက်ဒေသရေရရှိရေး စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် သောက်သုံးရေရယူသုံးစွဲနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းများ တပ်ဆင်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ခင်ဦးမြို့နယ် မောင်းကျောက်တောကျေးရွာ၊ မန်းကျီးတုံကျေးရွာနှင့် ရွာစဉ်ကျေးရွာတို့တွင် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့အပြင် ယခု ပွင့်လင်းရာသီကာလတွင်လည်း မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သောက်သုံးရေရှားပါးမှု အခက်အခဲများကြုံတွေ့ပါက အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေလှူဒါန်း ပေးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး၊ ဖုန်း-၀၉၇၉၇၂၉၂၉၇၀ သို့လည်းကောင်း၊ ရုံးဖုန်း-၀၉၆၈၀၈၁၉၈၂၄ သို့လည်းကောင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ဒေသခံပြည်သူများကို အသိပေးနှိုးဆော်ထားရှိကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး က ပြောသည်။
လှိုင်ဝင်းလေး


