ပေါက်ပေါက်

 

မိုးအကုန် ပွင့်လင်းရာသီရောက်ချိန် တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိရာ ဒေသခံ ပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေနိုင်သည်။ အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များသည် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သော အမှုန်အမွှား PM 2.5 နှင့် PM 10၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ် အတောက် ဓာတ်ငွေ့များ ရောနှောပါဝင်နေသည်။

 

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များအစ အိမ်ထောင်စုများကဖြစ်ကြောင်း သတိရှိကြရပေမည်။ ရွက်ဟောင်းကြွေသည့် ပွင့်လင်းရာသီတွင် သစ်ရွက်ခြောက်များကို အလွယ်တကူ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာကြသည်။ ထိုသို့ သစ်ရွက်ခြောက်များကို မီးရှို့ခြင်းမှ ထွက်ပေါ်လာသော မီးခိုးညှော်နံ့များက ဆောင်းလေဆော်သွေးခြင်းနှင့်အတူ လေသင့်ရာရွေ့မျောလျက်ရှိရာ ဝန်းကျင်တစ်ခွင်လုံး လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ များမကြာမီ ကာလတွင်လည်း နွေဦးရာသီ ရောက်ရှိလာတော့မည်ဖြစ်ရာ သဘာဝအလျောက် သစ်ပင်ကြီးငယ်တို့ ရိုးတံကျန်ရစ်သည်အထိ အရွက်ကြွေပေဦးမည်။ ထိုအခါ လူနေအိမ်ပတ်ဝန်းကျင်၌ သစ်ရွက်ခြောက်များကို မီးရှို့ခြင်းဖြစ်စဉ်များ ပိုများလာလေ မိမိတို့ဝန်းကျင်၌ လေထုညစ်ညမ်းမှု မြင့်တက်လာလေ ဖြစ်သည်။

 

လူတချို့ကလည်း ခြံတွင်း၊ ခြံပြင် မီးရှို့သည့်အခါ အိမ်ရှိစွန့်ပစ်အမှိုက်တို့ကိုပါထည့်၍ မီးရှို့ ဖျက်ဆီးတတ်ကြသဖြင့် အမှိုက်မီးရှို့ရာတွင် စွန့်ပစ်ပလတ်စတစ်များ၊ အဝတ်အထည် အဟောင်းအဆွေးများ ပါဝင်လာသဖြင့် မီးခိုးငွေ့များနှင့်အတူ ညှော်နံ့များပါ ထွက်ရှိလာသည်။ အမှန်စင်စစ် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စွန့်ပစ်တတ်ရန် အရေးကြီးသည်။ သို့သော် လူတော်တော်များများက အမှိုက်စွန့်ပစ်ရာတွင် သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျစွန့်ပစ်ရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့က မေတ္တာရပ်ခံထားသော်လည်း လိုက်နာမှုလွန်စွာအားနည်းနေဆဲ ဖြစ်သည်။

 

လေထုညစ်ညမ်းခြင်း အဆင့်ဆင့်

လေထုညစ်ညမ်းမှုသည် အထက်ဖော်ပြပါ သစ်ရွက်ခြောက်များနှင့် မိမိတို့အိမ်ရှိ စွန့်ပစ်ပစ္စည်းများကို မဆင်မခြင် မီးရှို့ခြင်းကြောင့်အပြင် စက်ရုံ အလုပ်ရုံမှထွက်ရှိသော မီးခိုးငွေ့များ၊ ကျောက်မှုန့် အပါအဝင် အမှုန်အမွှားများ၊ ယာဉ်မောင်းနှင်ရာမှ ထွက်ရှိသော ကာဗွန်ဓာတ်ငွေ့များ၊ စက်ရုံများ၏ စွန့်ပစ်အမှိုက်ပုံမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့များ စသည်တို့ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေ သည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြား စီးပွားရေးဆိုင်ရာအသုံးပြုသည့် မီးစက်ကြီးများမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့များကလည်း လေထုကို ပိုမိုညစ်ညမ်းစေသည်။

 

လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) နိုင်ငံတကာ သတ်မှတ်ချက်အရ -

ညွှန်းကိန်း သုည မှ ၅၀ အထိသည် ကောင်းမွန်သည့် အဆင့်၊ ၅၁ မှ ၁၀၀ သည် လက်ခံနိုင်သည့်အဆင့် (အဝါရောင်)၊ ၁၀၁ မှ ၁၅၀ အထိ ကိုယ်ခံအားနည်းသူများ၊ အဆုတ်ရောင်ရောဂါရှိသူများ၊ ကလေးနှင့်သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့် (လိမ္မော်ရောင်)၊ ၁၅၁ မှ ၂၀၀ အထိ လူတိုင်းထိခိုက်နိုင်သည့်အဆင့် (အနီရောင်)၊ ၂၀၁ မှ ၃၀၀ အထိ အလွန်ဆိုးရွားသည့်အဆင့် (ခရမ်းရောင်) နှင့် ၃၀၁ မှ ၅၀၀ အထိ ဘေးအန္တရာယ် ကျရောက်သည့်အဆင့် (နီညိုရောင်)ဟူ၍ သတ်မှတ်ထားသည်။

 

မော်တော်ယာဉ်များတွင် ဓာတ်ဆီတစ်လီတာ အသုံးပြုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၂ ဒသမ ၃၂၂ ကီလိုဂရမ်ထွက်ရှိသည်။ ဒီဇယ်တစ်လီတာအသုံးပြုလျှင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ၂ ဒသမ ၆၅ ကီလိုဂရမ်ထွက်ရှိသည်။ LPG တစ်လီတာအသုံးပြုလျှင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ၁ ဒသမ ၄၉၂ ကီလိုဂရမ် ထွက်ရှိသည်။ CNG တစ်ကီလိုဂရမ် အသုံးပြုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ သုည ဒသမ ဝ၅၄၄ ကီလိုဂရမ် ထွက်ရှိသည်။ မော်တော်ယာဉ်များ တွင် CNG အသုံးပြုပါက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ရှိနှုန်း နည်းပါးသည်။

 

လေထုညစ်ညမ်းမှုနှင့်ကျန်းမာရေးအန္တရာယ်

ကမ္ဘာ့လူသားအားလုံး၏ ၉၂ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောလေကို ရှူခွင့်မရကြဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်(ယူအင်န်အီးပီ) ကဆိုသည်။ ညစ်ညမ်းသောလေကို ရှူရှိုက်နေကြရခြင်းကြောင့် အကြမ်းဖျင်းအားဖြင့် နှစ်စဉ်လူခုနစ်သန်းခန့် အချိန်မတိုင်မီ သေဆုံးနေကြရာ အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှုက ပိုမိုများပြားကြောင်းနှင့် ၎င်းတို့အနက် ၃ ဒသမ ၈ သန်းသော သေဆုံးသူများမှာ မီးဖိုမှထွက်လာသော မီးခိုးငွေ့ကြောင့်ဖြစ်သည်။ လေထုထဲတွင် မီးခိုးမြူငွေ့များနှင့် ပြာမှုန်များ ဖုံးလွှမ်းနေမှုအချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပါက မျက်စိစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်းတို့ အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဆိုးဆိုးရွားရွား ဖြစ်ပွားစေနိုင်သည်။

 

ကမ္ဘာ့လူဦးရေ ထူထပ်သော နေရာများ၏ ၉၁ ရာခိုင်နှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသော လေထုညစ်ညမ်းမှု စံညွှန်းထက်ပို၍ ညစ်ညမ်းနေသည်။ လေထုညစ်ညမ်းမှုသည် သဘာဝပတ်၀န်းကျင်နှင့် သက်ရှိသတ္တဝါများ အားလုံးကို ဘေးအန္တရာယ်ကြီးမားစွာ သက်ရောက်စေသည်။ လေထုညစ်ညမ်းမှုကြောင့် ပျမ်းမျှလူ ၁၀ ဦးတွင် ကိုးဦးအသက်ရှူမဝဖြစ်ကြရပြီး နောက်ဆက်တွဲအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါ စသည်တို့ခံစားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က လေထုညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

စက်ရုံ၊ အလုပ်ရုံများနှင့် လူနေရပ်ကွက်များတွင် စွန့်ပစ်အမှိုက်များကို အလွယ်တကူမီးရှို့မှုကြောင့် လေထုညစ်ညမ်းကာ အနီးဝန်းကျင်တွင် နေထိုင်ကြသူများ အသက်ရှူမဝဖြစ်ကြရသည်။ ပုံမှန် ကျန်းမာသန်စွမ်းသူပင် ညစ်ညမ်းသောလေနှင့် မီးခိုးမြူငွေ့များကိုရှုမိလျှင် ချက်ချင်းခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မျက်စိယားနာခြင်းတို့ကိုခံစားရသည်။ ၎င်းညှော်နံ့ဆိုးများကို အချိန်ကြာကြာ သို့မဟုတ် မကြာခဏ ရှူရှိုက်နေရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံး သွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ရောင်ရောဂါနှင့် မျက်ခမ်းစပ်ရောဂါတို့ကို မလွဲမသွေ ခံစားရစေနိုင်သည်။

 

ထို့ပြင် ပန်းနာရင်ကျပ်ရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ အဆစ်အမျက်ရောင်ရမ်းနာရှိသူများက ညစ်ညမ်းသော လေနှင့် မီးခိုးငွေ့များ၊ အထူးသဖြင့် ပလတ်စတစ်မီးရှို့ရာမှ ထွက်လာသော အဆိပ်ငွေ့တစ်မျိုးကြောင့် ရောဂါပိုမိုဆိုးရွားလာပြီး သတိလစ်မေ့မြောမှုများပင်ဖြစ်စေကာ အပြင်းထန်ဆုံး အခြေအနေ၌ အသက် ဆုံးရှုံးရသည်အထိဖြစ်ပေါ်နိုင်သည်။ ကိုယ်ခံအားနည်းသော ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက်လည်း မမျှော်မှန်းနိုင်သော ဆိုးကျိုးများစွာ ခံစားရစေသည်။

 

လေထုညစ်ညမ်းမှုကြောင့် အထက်ဖော်ပြပါ ကျန်းမာရေးပြဿနာအမျိုးမျိုးအပြင် ပညာရေး၊ စီးပွားရေး၊ ဇီဝမျိုးစုံမျိုးကွဲများ၊ အခြေခံအဆောက်အအုံများ၊ ရေအရင်းအမြစ်နှင့် ရာသီဥတုများ စသည်တို့အပေါ် ထိခိုက်ပျက်စီးစေသည်။

 

တောမီးလောင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲပြဿနာ မကြီးမားသေးဘဲ ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိန်းထားနိုင်ခဲ့သည့် ခေတ်ကာလများတွင် လူတို့မဆင်ခြင်မှု၊ ပေါ့ဆမှုတို့ကြောင့်သာ တောမီးတောက်လောင်ခဲ့သည်။ သို့သော် ယခုနောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုအခြေအနေ ဆိုးရွားလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် သစ်တောများစွာတို့တွင် တောမီးလောင်မှုပမာဏ ပိုမိုများပြားလာလျက်ရှိသည်။ ကနေဒါနိုင်ငံ မက်ဂီးလ်တက္ကသိုလ် ပတ်ဝန်းကျင်ဇီဝဗေဒနှင့် ဆက်နွှယ်သော ကျန်းမာရေးဌာနမှ တွဲဖက်ပါမောက္ခ စကော့ဝေချင်သာလ် ဦးဆောင်သည့် ဆေးသိပ္ပံပညာ ရှင်တစ်စုသည် တောမီးလောင်ခြင်းမှ ဖြစ်ပေါ်လာ နိုင်သည့် လူ့ကျန်းမာရေး ထိခိုက်မှုအမျိုးမျိုး အကြောင်းကို မကြာသေးမီက စူးစမ်းလေ့လာခဲ့သည်။

 

တောမီးလောင်သော သစ်တောရပ်ဝန်း ဒေသအနှံ့ပတ်ဝန်းကျင်၌ နေထိုင်သူများ၏ အထွေထွေ ကျန်းမာရေး အခြေအနေကို ၎င်းဆေးသိပ္ပံပညာရှင်များ လက်တွေ့စစ်တမ်းကောက်သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ထိုသုတေသနပြုရာမှ ပေါ်ထွက်လာသော ရလဒ်တွင် ယင်းပတ်ဝန်းကျင်၌ နေထိုင်သူအများစုသည် အဆိပ်ငွေ့များရှူမိရာမှ အဆုတ်ကင်ဆာနှင့် ဦးနှောက်အကြိတ်ရောဂါအထိ ရရှိနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

 

ဂက်စ်မီးဖိုက သဘာဝရာသီဥတုနှင့် လူ့ကျန်းမာရေးကို ထိခိုက်နိုင်

ရှေးယခင်က အစားအစာချက်ပြုတ်ရန် ထင်းကိုလည်းကောင်း၊ မီးသွေးကိုလည်းကောင်း အသုံးပြုခဲ့ကြရာမှ နောက်ပိုင်းတွင် ရေနံအခြေပြု လောင်စာများနှင့် လျှပ်စစ်ကို အသုံးပြုလာခဲ့ကြသည်။ ယခုအခါ နေအိမ်တော်တော်များများ၌ မီသိန်းသဘာ၀ဓာတ်ငွေ့ကို အခြေခံထားသော ဂက်စ်မီးဖိုကို အသုံးပြုနေကြသည်။ သဘာဝဓာတ်ငွေ့ကို မီးဖိုချောင်နှင့် မော်တော်ယာဉ်များတွင် အသုံးပြုခြင်းသည် ကာဗွန်အခြေပြုဓာတ်ငွေ့များ ထုတ်လုပ်ခြင်းထက် နှစ်ဆမျှပိုမို၍ ရာသီဥတုနှင့် လူ့ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက သတိပေးထားသည်။

 

မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပြဿနာ

ကမ္ဘာ့နိုင်ငံများအနက် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏအများဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်က ဘီလီယံပေါင်း ၁၀ ဒသမ ၁၇၅ TCO2e ထုတ်လွှတ်ခဲ့ပြီး ဒုတိယအများဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် ဘီလီယံ ပေါင်း ၅ ဒသမ ၄၉၁ TCO2e ထုတ်လွှတ်ခဲ့သည်။ TCO2e ဆိုသည်မှာ Tonne Carbondioxide Equivalent ၏ အတိုကောက်ဖြစ်သည်။ မှန်လုံအိမ်ဓာတ်ငွေ့များ (Greenhouse Gases-GHGs) ၏ ထုတ်လွှတ်မှုပမာဏနှင့်ညီမျှသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို မက်ထရစ်တန် (tonne)ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

 

ဖော်ပြပါ ဖြစ်စဉ်များအတွင်း တန်ချိန်သန်းပေါင်းများစွာရှိသော ဓာတ်ငွေ့နှင့်အမှုန်များကို လေထုအတွင်းသို့ နှစ်စဉ်ထုတ်လွှတ်နေခြင်းသည် အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ၎င်းနိုင်ငံတို့သည် ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်သည့်အလျောက် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများမှာ ယာဉ်များ၏ လောင်စာလောင်ကျွမ်းမှုနှင့် ရုပ်ကြွင်းလောင်စာများဖြင့် လည်ပတ်နေသော စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့တို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

 

ယခင်နှစ်က ပြီးစီးသွားသည့် ဂလက်စဂို COP-26 အစည်းအဝေးသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သမိုင်းဝင်အစည်းအဝေးကြီး ဖြစ်သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်တွင် လျှပ်စစ်စွမ်းအင် ထုတ်လွှတ်မှုအပိုင်း၌ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအတွက် များစွာအရေးပါသော အရင်းအမြစ်ဖြစ်သည့် ကျောက်မီးသွေး အသုံးပြုမှု လျှော့ချရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ထုတ်လွှတ်မှုကို သုညအဆင့်လျှော့ချရန် ကတိပြုကြရေး ရည်မှန်းချက်ကို မပြည့်မီခဲ့ပေ။

 

မည်သို့ပင်ဆိုစေကာမူ COP-26 အစည်းအဝေးမှ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ အများပြည်သူတို့၏ ကျန်းမာရေးကို ကာကွယ်ပေးသည့် လုပ်ငန်းစဉ်လည်းဖြစ်သည် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုလျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးမှုကို တားဆီးနိုင်မည့်အပြင် လေထုညစ်ညမ်းမှုနှင့် လူသားများ၏ အသက်အန္တရာယ်ကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်။

 

မီးခိုးမြူငွေ့အန္တရာယ် ပူးပေါင်းကာကွယ်

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီ ချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ် မတ် ၅ ရက်တွင် သဘောတူလက်မှတ် ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ရာ တောမီးလောင်ခြင်းနှင့် အခြားအကြောင်းကြောင်းသော မီးတို့ကြောင့်ထွက်ပေါ်လာသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ထိန်းချုပ်လျှော့ချရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် မြန်မာ နိုင်ငံအတွင်း မီးလောင်မှုများ လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် မြူကင်းစင်သော ကောင်းကင် မဟာဗျူဟာဆိုင်ရာ (Clear Sky Strategy) ပူးတွဲ လုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခြင်း အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သွားရမည်ဖြစ်ရာ တောမီးလောင်မှု ထိန်းချုပ်ရေးနှင့် မီးငြှိမ်းသတ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုစနစ်၊ ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

 

အချုပ်ဆိုသော် လူသားတို့နေထိုင်ရာဒေသတွင် လူတို့၏စွန့်ပစ်အမှိုက်များသည် နေ့စဉ်ရှိနေဦးမည် ဖြစ်သည်။ ထို့အတွက်ကိုလည်း သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ စွန့်ပစ်အမှိုက် မီးရှို့ခြင်းမပြုရန် တာဝန်ရှိသူများက ပြောဆိုတားမြစ်ရုံမျှဖြင့် မပြီးပေ။ အိမ်ထောင်စုတိုင်းတွင် တစ်ဦးချင်းစီက အသိကိုယ်စီဖြင့် အပြုအမူများပြောင်းလဲပြီး အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်နိုင်မည်ဆိုပါက မိမိနှင့်ဝန်းကျင်တွင် လေထုသန့်စင်စေမည်ဖြစ်ပါကြောင်း၊ ထိုအခါ မိမိနှင့်တကွပတ်ဝန်းကျင်ရှိနေထိုင်သူများလည်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုအပါအဝင် လေထုညစ်ညမ်းမှု ဆိုးကျိုးအမျိုးမျိုးမှ ကင်းဝေးစေမည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။