ပွင့်လင်းရာသီကာလ မန္တလေးသဲဈေးကွက် အရောင်းအဝယ် ပုံမှန်သွက်လျက်

မန္တလေး ၆   မေ 

 

ဆောက်လုပ်ရေးလုပ်ငန်းသုံးဖြစ်သည့် သဲထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ပွင့်လင်းရာသီကာလဖြစ်သည့် အတွက် ဈေးကွက်အနေအထားကောင်းမွန်ကာ အရောင်းအဝယ်များ ပုံမှန်သွက်လျက်ရှိကြောင်း မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ သဲထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များမှ ပြောကြားသည်။

 

အဆိုပါ သဲဈေးကွက်မှာ ရာသီဥတုပေါ်မူတည်ပြီး မိုးရာသီကာလ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား သည့်အချိန်တွင် အရောင်းအဝယ် နည်းပါးကာ ယခု ပွင့်လင်းရာသီကာလရောက်ရှိမှသာ ဈေးကွက် ပုံမှန် ကောင်းမွန်သွက်လက်လာကြောင်း သဲထုတ်လုပ်ရေး လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးတင်ဦးက ပြောကြားသည်။

 

''သဲဈေးကွက် အတက်အကျက ရာသီဥတုပေါ်မူတည်တယ်။ မိုးရာသီမှာ သဲဈေးတက်ပေမယ့် အရောင်းအဝယ် မကောင်းဘူး။ ဒါ့အပြင် ဧရာဝတီမြစ်ထဲက သဲကိုစုပ်ယူရတဲ့အတွက် မြစ်ရေတိုးလာရင်လည်း သဲအထွက်နှုန်း နည်းပါးတယ်။ ပွင့်လင်းရာသီမှသာ အရောင်းအဝယ်က ပုံမှန်ကောင်းမွန်ပါတယ်။  ဈေးနှုန်းတွေအနေနဲ့ကတော့ ယခင်နှစ်တွေနဲ့ ကွာခြားမှု သိပ်မရှိပါဘူး''ဟု ၎င်းက ပြောသည်။

 

ဧရာဝတီမြစ်ကမ်းဘေးရှိ သဲထုတ်လုပ်သူများထံမှ သဲများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပွဲစားများနှင့် အုတ်ထုံးသဲကျောက်ရောင်းဝယ်ရေး လုပ်ကိုင်သူများမှ တစ်ကျင်းလျှင် ငွေကျပ် သုံးထောင်နှုန်းဖြင့် တိုက်ရိုက် လာရောက်ဝယ်ယူကြပြီး ၎င်းတို့မှတစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ လုပ်သားစရိတ်နှင့် ပို့ဆောင်ခ အနီးအဝေးပေါ်မူတည်၍ တစ်ကျင်းလျှင် ငွေကျပ် တစ်သောင်းမှ တစ်နှစ်ထောင်ကျပ်နှုန်းအထိ ပေါက်ဈေးရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါသဲထုတ်လုပ်ရာတွင် ဧရာတီမြစ်အတွင်းမှ သဲကို မော်တော်ဖြင့် လုပ်သားအင်အားကို သုံးပြု၍ စုပ်ယူရသည့်အတွက် မော်တော်တစ်စီးလျှင် လုပ်သား လေးဦးမှ ခြောက်ဦးအထိ ငှားရမ်းသုံးပြုရပြီး ၎င်းတို့၏ နေ့စား လုပ်အားခမှာ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲအထိ ရရှိကြောင်း သိရသည်။

 

အောင်ဖြိုးကျော်

 

0001