ပွင့်လင်းရာသီကာလ ပုပ္ပါးတောင်ကလပ်၌ ပြည်တွင်းဘုရားဖူးဧည့်သည်များဖြင့် နေ့စဉ်စည်ကား

ကျောက်ပန်းတောင်း မတ် ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ သမိုင်းဝင်အထင်ကရ ပုပ္ပါးတောင်ကလပ်ဘုရားကြီးသို့ ပွင့်လင်းရာသီကာလ ပြည်တွင်းဘုရားဖူး ဧည့်သည်များ နေ့စဉ်လာရောက်ဖူးမြော်ကြ၍ စည်ကားလျက်ရှိကြောင်း အဆိုပါ ဘုရားကြီးအနီးရှိ ဈေးသည်များထံမှ သိရသည်။

 

ပုပ္ပါးတောင်ကလပ်ဘုရားကြီးသည် ပုပ္ပါးမြို့နှင့် နှစ်မိုင်ကျော်ခန့်သာ ကွာဝေးပြီး သဘာဝကပေးသည့် တောတောင် ရေမြေ ရှုခင်းအလှ များဖြင့် အေးချမ်းသည့် နေရာဒေသတစ်ခုဖြစ်၍ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များက ပုဂံညောင်ဦးသို့ လာရောက်လည်ပတ်ရာတွင် ပုပ္ပါးတောင်ကလပ်ဘုရားကြီးကိုလည်း စိတ်ဝင်တစား ဝင်ရောက်လည်ပတ်ဖူးမြော်ကြကြောင်း သိရပြီး ယခုလို ပွင့်လင်းရာသီချိန် ရုံးရက်ရှည်ပိတ်ရက်များတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော်ကြသဖြင့် ဘုရားအနီးရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ဈေးဆိုင်များ အရောင်းအဝယ်ကောင်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

 

ရဲဝင်းနိုင်(ညောင်ဦး)