ပွင့်လင်းရာသီတွင် ချင်းပြည်နယ် ဝိတိုရိယတောင်သို့ ခရီးသွားများ စတင် ဝင်ရောက်စပြု

မြန်မာနိုင်ငံတွင်သာမက  ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် ဝိတိုရိယ တောင်ခေါ် နတ်မတောင်သို့ ယခုနှစ် ဆောင်းဦးရာသီတွင် ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ စတင် ဝင်ရောက်စ ပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် တိုးမြှင့် သတ်မှတ်ခြင်းခံခဲ့ရသည့် ဝိတိုရိယတောင်သည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း တည်ရှိနေပြီး ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၁ဝ၂ဝဝ မြင့်ကာ နတ်မတောင်ဟူ၍လည်းကောင်း၊ ချင်းတိုင်းရင်းသားဘာသာဖြင့် ခေါ်နုစုမ်ဟူ၍ လည်းကောင်း အမည်သုံးမျိုးဖြင့် ထင်ရှားသည်။

ဝိတိုရိယတောင်သည် ကန်ပက် လက်မြို့မှ ၁ဝ မိုင် ၄ ဖာလုံ အကွာ၌ တည်ရှိနေပြီး ချင်းပြည်နယ်၏ သင်္ကေတ ဖြစ်သည့် တောင်ဇလပ်ပန်းများ ဝေဝေဆာဆာ ဖူးပွင့်နေသည့် အပြင် ကမ္ဘာ့ ရှားပါး မျက်ခုံးဖြူ ငှက်ပြာချောက်နှင့် ရှားပါး သစ်တော ငှက်မျိုးစုံတို့ ကျက်စား ရာ နေရာတစ်ခုဖြစ်နေကြောင်း သိရ သည်။

ဝိတိုရိယတောင်ခြေသည် ပေ ၉ဝဝဝ ကျော်မြင့်ပြီး တောင်ခြေမှ ၃ မိုင် ၆ ဖာလုံ ခရီးကို ဆက်လက် တက်ရောက်ပါက အမြင့်ဆုံး ဖြစ်သည်။ ပေ ၁ဝ၂ဝဝ အမြင့် သို့ ရောက်ရှိသွားကာ တောင်အဆင့်ဆင့်၊ တိမ်အဆင့်ဆင့်နှင့် ရင်သပ်ရှုမောဖွယ် ရှုခင်းတို့ကို တအံ့တသြ မြင်တွေ့ရမည် ဖြစ်သည်။ ထို့အပြင် တောင်ထိပ်ပေါ်ရှိ ရွှေရောင်တဝင်းဝင်းနှင့် စေတီတော်၊ စကျင်ကျောက်သား ဗုဒ္ဓရုပ်ပွားတော်တို့ ဖူးမြော် ကြည်ညိုနိုင်မည်ဖြစ်သလို တောင်ထိပ်ရှိ ဇရပ်၌လည်း အနားယူ အပန်းဖြေနိုင်သည်။

တောင်ခြေမှ တောင်ထိပ်ပေါ်သို့ ခြေကျင်ခရီးဖြင့်ဖြစ်စေ၊ အသင့်စောင့်ဆိုင်းနေသော ဆိုင်ကယ်ကယ်ရီများနှင့်ဖြစ်စေ တက်ရောက်နိုင်ပြီး တောင်ပေါ်တက် လမ်းတစ်လျှောက်တွင် နာမည်ကျော် တောင်ဇလပ်ပန်းများနှင့် သဘာဝ သစ်ခွမျိုးစုံတို့ကို လေ့လာ ကြည့်ရှု ခံစားနိုင်သည်။ တောင်ထိပ်ပေါ်သို့ တက်ရောက်လာကြသည့် ခရီးသွားဧည့်သည်တို့ စိတ်အကျေနပ်ဆုံး ရှုခင်းတစ်ခုမှာ တောင်အောက်တွင် မြင်တွေ့နေရသည့် ပုံ သဏ္ဍာန်မျိုးစုံ အလွှာ အထပ်ထပ် တိမ်ဖြူဖြူတို့ပင် ဖြစ်ကြောင်း သိရသည်။

ဒေသခံတို့၏ အဆိုအရ တောင်ထိပ် ပေါ်မှ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း ဒေသတချို့ကိုပါ မြင်တွေ့နိုင်သည် ဆိုသော်လည်း တိမ်ထူထပ်နေပါက မြင်တွေ့နိုင်ရန် ခဲယဉ်းသည်။ ချင်းပြည်နယ်ဒေသသည် ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အညီ ဝိတိုရိယ တောင်သို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိနေကြောင်းလည်း သိရ သည်။

သက်နိုင် (ပြင်ဦးလွင်)