ပင်လည်ဘူး   ၂၂   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လည်ဘူးမြို့ စည်ပင်သာယာဈေးနှင့်ယာယီပျံကျဈေးတို့အား နေ့စဉ် နံနက်(၅)နာရီမှ (၁၀)နာရီအထိ အချိန်သတ်မှတ် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရသည်။

 

နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် သတ်မှတ်ထားရှိသည့်နေရာမဟုတ်ဘဲ လူစုလူဝေးဖြင့်နေထိုင်ရောင်းချမှု မရှိစေရေး၊ နှာခေါင်းစည်း MASK များတပ်ဆင်၍ ရောင်းချ ဝယ်ယူခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေးဆောင်ရွက်မှုတို့ကို ပင်လည်ဘူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ နေ့စဉ်ကြပ်မှတ်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေးတွင် လူစုလူဝေးဖြစ်ပေါ်မှု လျော့ကျစေရန် ယာယီပျံကျဈေးကို ဈေးသည်တစ်ဦးလျှင် (၇)ပေခြား နေရာချ စီစဉ်ဆောင်ရွက် ပေးထားကြောင်း၊ ဈေးသည်ဈေးဝယ်များအား ဈေးဝင်ပေါက်နှင့် ဈေးအတွင်းတွင်  လက်ဆေးစင်များ၊ ဆပ်ပြာရည် ဘူးများနှင့် တစ်ရှူးဘူးများ ထားရှိပြီးလက်များကို စနစ်တကျ ဆေးကြောကြရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်လာကြရန် ကျန်းမာရေး အသိပညာပေး နှိုးဆော်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စည်ပင်သာယာဈေးအား နေ့စဉ် နံနက်(၅)နာရီမှ (၁၀)နာရီအထိ အချိန်သတ်မှတ် ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)