ပင်လည်ဘူး  ၂၁  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀ဝ)ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးရွာများအား ရွေးချယ်ခြင်းကို နိုဝင်ဘာ ၂၀ ရက်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) လုပ်ငန်းများ၊ ကျေးရွာများ ရွေးချယ်ခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀ဝ)ဖြင့်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်မည့် အိုးမြေကုန်းအုပ်စု အိုးမြေကုန်းကျေးရွာ၊ ဝါးယူးသာအုပ်စု အောင်းကုန်းကျေးရွာ၊ မြေသာအုပ်စု ပိန္နဲကုန်းကျေးရွာ၊ သဒွတ်ကုန်းအုပ်စု ညောင်ကုန်းကျေးရွာ၊ ကံကုန်းအုပ်စု လေသာ ကျေးရွာ၊ ကြူတောကိုင်းအုပ်စု ပေပင်စု(တိုးချဲ့ရွာသစ်)၊ ရွာသာယာအုပ်စု ပေကုန်းကျေးရွာ၊ ဟဲသတ် အုပ်စု ဟဲသတ်ကျေးရွာ၊ တမောသာအုပ်စု ဖက်သင်္သာကျေးရွာနှင့် သင်္ဘောသာအုပ်စု အောင်းကုန်းကျေး ရွာ စုစုပေါင်းကျေးရွာ(၁၀)ရွာတို့ကို အတည်ပြုရွေးချယ်ပေးခဲ့ကြသည်။

 

ပင်လည်ဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများကို  ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၃)ရွာနှင့် ၂၀၁၉-၂၀၂၀ ပြည့် ဘဏ္ဍာရေး နှစ်တွင် ကျေးရွာ(၅)ရွာ တို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၀)တွင် စီမီကိန်းလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)